Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
July 7, 2025

ငွေလိမ်ဂိုဏ်းအစောင့်တပ်များက အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းဖို့စည်းဝေးခဲ့ကြ

တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်စင်းဟာ အွန်လိုင်းပေါ်လိမ်လည်မှုမှတဆင့် ဗိုလ်မှူးစောချစ်သူစောင့်ရှောက်ထားတဲ့ မဲဆောက်တဖက်ကမ်းငွေလိမ်ဂိုဏ်းနယ်မြေကိုရောက်ရှိသွားရာမှ ခုဆိုရင် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ ထိခိုက်စေတယ်ဆိုပြီး ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရအဖွဲ့က အာရုံစိုက်လာနေပါတယ်။ ဝမ်စင်းအမှုမှာ ကာယကံရှင်ပြန်လွတ်လာပေမယ့် ထိုင်းနိုင်ငံဟာ လုံခြုံစိတ်ချရမှုမရှိဘူးဆိုတဲ့ သံသယတွေမြင့်တက်လာခဲ့ပြီး တရုတ်ကို အဓိကခရီးသွားအဖြစ် မှီခိုနေရတဲ့ထိုင်းနိုင်ငံဟာ ဒီကိစ္စအပေါ် ကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေပမာ ဖြစ်ခဲ့တာပါ။ အဲဒီနောက်မှာပဲ မြဝတီမြို့ဘက်ခြမ်း ကျားဖြန်နဲ့ လောင်းကစားရုံတွေရှိရာနယ်မြေကနေ ထပ်မံ လွတ်မြောက်လာသူ ၅ ဦး ရှိပြီလို့ တရုတ်သတင်းတွေက ဆက်တိုက်ဖော်ပြခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကနေ နယ်စပ်ကိုခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေတဲ့ တရုတ်မော်ဒယ် Yang Zeqi ကတော့ မြဝတီမှာရှိနေတယ်လို့ အဆက်အသွယ်ရထားပြီး ထိုင်းဘက်ကိုတော့ မရောက်သေးဘူးလို့ဆိုပါတယ်။ ဝမ်စင်းရဲ့ ဖြစ်စဉ်လူသိများခဲ့တဲ့နောက်မှာပဲ မြန်မာဘက်မှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၇၄ ဦး ကို ကယ်ဆယ်ပေးဖို့ မိသားစုဝင်တွေက လူမှုကွန်ရက်တွေက တဆင့် အကူအညီတောင်းခံနေကြတယ်လို့ Global Times သတင်းမှတဆင့်သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးခံရနေရတယ်ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းအစိုးရကတော့ ဖိအားပေးခံနေရပါပြီ။ ဒါကိုထိရောက်အောင်ဖြေရှင်းဖို့ တခြားနိုင်ငံတွေက တောင်းဆိုလာကြတာပါ။ ဒါပေမယ့်လည်း ထိုင်းခရီးသွားလုပ်ငန်းအပေါ်မှာတော့ လာမယ့်တရုတ်နှစ်သစ်ကူးကာလမှာ ထိုင်းလာရောက်မယ့် တရုတ်ခရီးသွား ထောင်ပေါင်းများစွာဟာ ခရီးစဉ်တွေဖျက်သိမ်းနေကြပါတယ်။ အခုလို အခြေအနေမှာပဲ မဲဆောက်တဖက်ကမ်းက စစ်ကောင်စီကို မတိုက်ဘဲ စီးပွားရှာနေတဲ့ BGF နှင့် DKBA ခေါင်းဆောင်များဟာ တရုတ်စီးပွားရေးသမားများကိုခေါ်ပြီး အရေးပေါ်အစည်းအဝေးကို စတင်လိုက်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့မှာကျင်းပတဲ့ အဲ့ဒီအစည်းအဝေးမှာ လူသိများတဲ့ ကရင့်နယ်ခြားစောင့်တပ်ခေါင်းဆောင် စောချစ်သူနှင့်အတူ ဒီကေဘီအေခေါင်းဆောင်များလည်း ပါဝင်ပါတယ်။ အစည်းအဝေးကို မြဝတီခရိုင် BGF တပ်ဖွဲ့ထိန်းချုပ်ရေးဗဟိုဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးကျင်းပတဲ့မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့အပြီးမှာတော့ “စောချစ်သူတို့ရဲ့ DKBA/BGF တို့ ဒီနေ့၊ ဇန္နဝါရီလ ၁၅ ရက်နေ့မှာ အစည်းအဝေးလုပ်ကြပြီး ထုံးစံအတိုင်း ဘာမလုပ်ရ၊ ဘာကန့်သတ်တယ်၊ ဘယ်သူ့နဲ့ ပူးပေါင်းမယ် စတာတွေကို ဆွေးနွေး ဆုံးဖြတ်ကြတယ်ပေါ့…။ တကယ်က အပြင်က (ထိုင်းနှင့် နိုင်ငံတကာ) ဖိအားတွေ ဝင်လာမှာကြောက်လို့ အယောင်ပြလုပ်တာ…။ ဘာတွေ‌ဆွေးနွေးပြီး ဆုံးဖြတ်ကြလဲဆိုတာကိုတော့ မရေးတော့ဘူး (မကြာခင်ကြေညာချက်ဆိုပြီး ထုတ်ပါလိမ့်မယ်၊ သတင်းမီဒီယာပေါ်ရောက်ပါလိမ့်မယ်)။ အဓိကပါဝင်ကြသူတွေထဲမှာ ချစ်သူ၊ မုတ်သုံ၊ သိန်းဝင်း၊ ဆန်းအောင်၊ စိုင်းကျော်လှ၊ မအလ ရဲ့လူယုံတွေအပြင် တရုတ်‌မှောင်ခိုစီးပွါးရေးသမားတွေ ၆၀ ကျော် ပါဝင်တက်ရောက်ကြတယ်” လို့ ထိုင်းမြန်မာနှစ်နိုင်ငံကြား အတွင်းသတင်းတွေကို ရေးသားတင်ပြနေတဲ့ စတီဗင်စန်းယုအကောင့်ပိုင်ရှင်က လူမှုကွန်ရက်ပေါ်မှာ သူ့အမြင်ကို ဖော်ပြလိုက်ပါတယ်။ အစည်းအဝေးကလည်း လူကုန်ကူးမှုများကို အချိန်မီတားဆီးဖို့ ပူးပေါင်းဆောင်ရွက်ရန် ညှဉ်းပန်းနှိပ်စက်မှုများ နယ်မြေတွင်းမရှိစေရန် အသက် ၁၈ နှစ်အောက်ကလေးများအား နယ်မြေတွင်း ခိုင်းစေခြင်းမပြုရန် လူကုန်ကူးမှုကို တားမြစ်ရန်နှင့် နယ်မြေအတွင်း ငွေလိမ် လူလိမ်ခြင်းစတဲ့လိမ်လည်မှုကျူးလွန်မှုများရှိပါက နယ်မြေမှ မောင်းထုတ်ရန် ဆုံးဖြတ်ခဲ့တယ်လို့ သတင်းများမှာ တွေ့ရပါတယ်။ အခုလို ဂယက်ရိုက်နေစဉ်မှာပဲ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာကို အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကဖုန်းခေါ်ဆိုပြီး အလှူငွေလိမ်တောင်းတာကို ကြုံဖူးတယ်လို့ ဝန်ကြီးချုပ်က ဒီနေ့မှာ ထိုင်းမီဒီယာတွေရှေ့ ထုတ်ဖော်ပြောဆိုခဲ့သည်။

You may have missed