Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
November 7, 2025

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ဦးကို ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည်ဟု PNLA က ထုတ်ပြန်သည်။ပအိုဝ်းလူမျိုးအချင်းချင်းဖြစ်သော်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်အာဏာရှင်အလိုကျ ပအိုဝ်းလူမျိုးကို ပြန်လည်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု သိရသည်။တိုက်ပွဲဖြစ်ပွားမှုအတွင်း PNO ဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ထက်မနည်းကျဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ယင်းဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁၀နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ယင်းသို့ မသတ်ဖြတ်မှီ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီခန့်တွင် ဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးသည် အသက်ရှင်လျက်ရှိသည်ကို PNO ပြည်သူ့စစ်၏ ထုတ်ပြန်ချက်တွင် တွေ့ရကြောင်း PNLA က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ဇန်နဝါရီလ ၁၃ ရက်ညတွင်မူ ဖမ်းဆီးခံရသည့် PNLAရဲဘော် ၅ဦးကို သတ်ဖြတ်ထားသည့်ပုံကို PNO ပြည်သူ့စစ်က ထုတ်ပြန်ခဲ့သလို ဓာတ်ပုံတွင်ပါရှိသည့် အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့မနက် ၁၀နာရီ ၁၅ မိနစ်ခန့်တွင် နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်သည်ဟု သိရသည်။”မိမိတို့ PNLA တပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်အား တိုက်ခိုက်နေသည့် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ PNOပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို နှိပ်စက်သတ်ဖြတ်ခြင်းများ မပြုလုပ်ခဲ့ပဲ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားခဲ့သော်လည်း PNO ပြည်သူ့စစ်က ဖမ်းဆီးခံရသည့် မိမိတို့ ရဲဘော် ၅ ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။”ဟု PNLA က ဆိုသည်။ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ရွာအလည်ပြန်သည့် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။”ပအိုဝ်းလူမျိုးအချင်းချင်းသည် မိမိတို့၏ ရန်သူမဟုတ်ပါ ။ စစ်အာဏာရှင်စနစ်သည်သာ တတိုင်းပြည်လုံး၏ ရန်သူဖြစ်သည်။ ယခု တနိုင်ငံလုံးဖြစ်ပွားနေသည့် တိုက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဖြစ်သည်။”ဟု အသိပေးထုတ်ပြန်ထားသည်။

You may have missed