ကချင်ပြည်နယ်ရဲ့ မြို့ကြီးဗန်းမော်ကို KIA က သိမ်းပိုက်ဖို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အချို့ကိုတော့ ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်လို့ ကေအိုင်အေပြန်ကြားရေး ဗိုလ်မှူးနော်ဘူက အသိပေးထားပါတယ်။ရန်သူစစ်ကောင်စီဟာ အဓိကအားဖြင့် စကခ ၂၁ တွင်းကနေ စုပေါင်းပြီးခုခံနေတာဖြစ်ကြောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြောထားပါတယ်။ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) အပါအဝင် တပ်စခန်း တပ်ရင်း၊ တပ်ခွဲပေါင်း ၁၇ ခုထက်မနည်း ဗန်းမော်မြို့တွင်း ရှိပါတယ်။ဗိုလ်မှူးနော်ဘူရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ သိမ်းပိုက်ထားနိုင်တဲ့ တပ်စခန်းအရေအတွက် အတိအကျ မပါရှိပါဘူး။ စစ်ကောင်စီအတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းတွေကလည်း လေကြောင်းအားကိုးနဲ့သာ ဆက်လက်ပို့ဆောင်နေရချိန်ဖြစ်ပါတယ်။ “ဗန်းမော်မြို့ထဲမှာတော့ ဝင်လို့ထွက်လို့လည်းရပါတယ်။ တချို့ရပ်ကွက်တွေမှာတော့ စျေးရောင်းစျေးဝယ်လုပ်နေကြတာ ပုံတွေလည်း တွေ့ကြမှာပါ။ တိုက်ပွဲတွေကတော့ စစ်တပ်စခန်းနားတွေမှာပဲဖြစ်နေပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တိုက်ပွဲပြင်းထန်မှုကြောင့်၊ လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးမှုနှင့် ပြည်သူထိခိုက်သေဆုံးမှုများလည်းရှိလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုနဲ့ပက်သက်ပြီး “ကျွန်တော်တို့ ပြီးခဲ့တဲ့လ(ဒီဇင်ဘာလ) မှာ အယောက် ၃၀ ဦးခန့် သေဆုံးမှုကိုတော့မှတ်တမ်းတင်ထားပါတယ်။ ဗန်းမော်တိုက် မြေပြင်အခြေအနေအရတော့ တော်တော်ဆိုးနေတဲ့ အခြေအနေတော့ဖြစ်နေပါတယ်။လေယာဉ်နဲ့ တိုက်ခိုက်မှုလည်း အတော်များတဲ့ခြေအနေဖြစ်နေပြီး သေဆုံးမှုအတိအကျပြောဖို့ခက်ပါတယ်” လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ မှ တာဝန်ရှိသူ Jacob က ပြောပါတယ်။ ဗန်းမော်ကို အပြီးသိမ်းဖို့ ကေအိုင်အေ ထိုးစစ်ဆင်နေချိန်မှာ မြစ်ကြီးနားအနီးက ဝိုင်းမော်မြို့နယ်တွင်းမှာလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဟာ စစ်အင်အားဖြည့်တင်းနေကြောင်းကြားသိရပြီး ယခုရက်ပိုင်းတွင်းမှာ KIA နဲ့ထိတွေ့တိုက်ပွဲအချို့ဖြစ်ခဲ့ကြောင်းလည်း ကြားသိရပါတယ်။ ဗန်းမော်တိုက်ပွဲဟာ တလကျော်ကြာမြင့်ခဲ့ပါပြီ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့တာပါ။
ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး မြို့ပေါ်ရှိ နေအိမ်နှင့်ဈေးဆိုင်အများအပြားလည်း ဖောက်ထွင်းခံထားရတယ်လို့ သတင်းများမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ ဗန်းမော်တိုက်ပွဲ တလကျော်ကြာမြင့်လာချိန်မှာပဲ TNLA နှင့် ပူးပေါင်းတပ်တွေက ရှမ်းမြောက် နောင်ချိုနဲ့ မိုင် ၂၀ အကွာက တောင်ခမ်းအမြောက်စခန်းတွေကို တိုက်ခိုက်နေခြင်းဟာ ၄ လေကျော် ကြာမြင့်ခဲ့ပါပြီ။နောင်ချိုကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်တွေက အစောပိုင်းကတည်းက ထိန်းချုပ်ထားနိုင်ပြီး တောင်ခမ်းမှာရှိတဲ့ အမြောက်တပ်စခန်းများနဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများဟာ နောင်ချိုကို ပြန်မလွှတ်ရဖို့အတွက် အရေးကြီးတဲ့ တိုက်ပွဲများ ဖြစ်လို့လာပါတယ်။ တောင်ခမ်းကျေးရွာဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင် ရပ်စောက်-ကျောက်ဂူအစပ်က နောင်ချိုမြို့နယ်မှာ တည်ရှိပြီး စစ်ကောင်စီအတွက်ကော TNLA နှင့် ပူးပေါင်းတပ်များအတွက်ပါ အရေးကြီးတာကြောင့် နှစ်ဖက်တပ်များ အားစိုက်တိုက်ပွဲဝင်နေကြရတာပါ။ တောင်ခမ်းက စစ်ကောင်စီစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် သြဂုတ်လ တတိယအပတ်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လပိုင်းအကြာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၂၀၆ နဲ့ ၄၀၆ တပ်ကို TNLA က အနိုင်ယူခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ အင်အားသုံးပြီး လေကြောင်းဗုံးကြဲမှုများ ဒရုန်းများသုံးပြီး ပြန်လည်တိုက်ခိုက်မှုကြောင့် ၂၀၆ နဲ့ ၄၀၆ တပ်တွေကို တော်လှန်ရေးတပ်များဘက်က ပြန်လက်လွှတ်ခဲ့ရပါတယ်။ တောင်ခမ်းတိုက်ပွဲမှာ စစ်ကောင်စီဟာ မြေပြင်စစ်ကူများအရောက်ပို့နိုင်သလို ဒရုန်းများသုံးစွဲပြီး ပြန်လည်တိုက်ခိုက်နိုင်မှုကြောင့် ခုလို တိုက်ပွဲကြာမြင့်နေရတာ ဖြစ်တယ်လို့ ရှေ့တန်းမှာ ရှိနေသူများက ဆိုပါတယ်။ စစ်ကောင်စီအတွက် လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ အဆုံးအဖြတ်ပေးတဲ့နေရာ ဖြစ်သလို TNLA နဲ့ ပူးပေါင်းတပ်များအတွက်လည်း ပြင်ဦးလွင်ကိုချီတက်နိုင်ဖို့ စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။ တောင်ခမ်းကိုလာနေတဲ့ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းအချို့ကို ဓနုအမျိုးသားလွတ်မြောက်ရေးတပ်တော် DPLA က ဒီရက်ပိုင်းအတွင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအနီးတစ်ဝိုက်မှာ ဟန့်တားနိုင်ဖို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။ အပြည့်အဝ ဟန့်တားနိုင်တဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ပြင်ဦးလွင်ကို ကာကွယ်နိုင်ဖို့ စစ်ကောင်စီဟာ တောင်ခမ်းမှာ အင်အားအလုံးအရင်း သုံးစွဲနေပါတယ်။ နောင်ချိုမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ကတည်းက သိမ်းပိုက်ထားပါတယ်။ အဲ့ဒီနောက်မှာတော့ ပြင်ဦးလွင်ကိုပစ်မှတ်ထားနိုင်ဖို့ တောင်ခမ်းတိုက်ပွဲတွေဖြစ်ပေါ်လာပြီး ခုချိန်ထိ ကြာမြင့်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းနေပြီး TNLA ကလည်း နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အသင့်ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မြေပြင်တောင်ခမ်းမှာသာ နယ်မြေအပိုင်သိမ်းပိုက်ဖို့အရေး တိုက်ပွဲတွေ ဆင်နွှဲနေကြခြင်းဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ