Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
February 14, 2026

အကြမ်းဖက်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ဟု ကုလဆို၊ရက်စက်မှုပိုဆိုးလာကြောင်း IIMM ပြော

မြန်မာ့အရေးမှာပါဝင်ကူညီနိုင်ဖို့ ကုလသမဂ္ဂမှ ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီယန် ဘိရှော့ဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူတွေ့ဆုံဖြစ်တဲ့အကြောင်း ထုတ်ပြောလိုက်ပါတယ်။ မနေ့က အောက်တိုဘာ ၂၉ ရက်နေ့မှာကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ခုလို အသိပေးသွားတာ ဖြစ်ပါတယ်။ ဒီသတင်းကို ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ကြတာပါ။ ဘိရှော့အနေနဲ့ သူမဟာ ဘက်မလိုက်မူဝါဒကိုလက်ကိုင်ပြုခဲ့တဲ့အကြောင်းပြောကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ပြောသွားပါတယ်။ သူမရဲ့ နေပြည်တော်ခရီးစဉ်ဟာ ထုန်ပြန်ကြေငြာခြင်းမရှိခဲ့သလို မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးချက်အသေးစိတ်တွေကိုလည်း ထုတ်မပြောခဲ့ပါဘူး။ ဘယ်နေ့ဘယ်ရက်က တွေ့ဆုံခဲ့တယ်ဆိုတာလည်း ထုတ်ပြောရာမှာ မပါဝင်ခဲ့ပါဘူး။

သူမဟာ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦးလည်းဖြစ်ပြီး ပြီးခဲ့တဲ့ အေပရယ်လမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို လက်ခံယူခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အကြောင်းကို အခုမှ ထုတ်ဖော်ပြောဆိုလိုက်ပြီး ပြောဆိုချက်ထဲမှာတော့“ မြန်မာ့နိုင်ငံရေးမှာ ဆက်နွှယ် ပတ်သက်သူတိုင်းဟာ တစ်ဖက်က ရှုံးမှ တစ်ဖက်က နိုင်မယ်ဆိုတဲ့ အတွေးအမြင်ကို စွန့်ပယ်ထားဖို့တော့ လိုကြောင်း၊ နိုင်ငံအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ကူးစက်နေသ၍ ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်တဲ့ ဖြေရှင်းမှု နည်းလမ်းတွေကို ရှာဖွေဖို့ တိုးတက်မှု နှေးကွေးနေဦးမှာဖြစ်ကြောင်း” စတဲ့ပြောဆိုချက်ပါဝင်ပါတယ်။ “

အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့နဲ့ ကုလသမဂ္ဂနဲ့ ထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေ ဝင်ရောက်နိုင်ဖို့အတွက် ဘယ်လိုနည်းနဲ့မဆို ပြန်လည်သင့်မြတ်ဖို့ လိုတယ်လို့ သူမက ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာ့အရေး လက်တွေ့အခင်းအကျင်းမှာတော့ စစ်ကောင်စီရဲ့ ဗုံးကြဲလူသတ်မှုတွေကသာ ပိုဆိုးလာနေပြီး တိုင်းရင်းသားတပ်တွေဘက်ကလည်း အခွင့်အရေးရတုန်း နယ်မြေသိမ်း ပြည်နယ်သိမ်းတိုက်ပွဲတွေ ရပ်တန့်မယ့်အရိပ်အယောင်မရှိသေးပါဘူး။ ကိုယ်စားလှယ်က “မြန်မာ့ အရေး ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ ရှုထောင့်ပေါင်းစုံကနေ သိနားလည်ထားမှသာ” ထိရောက်တဲ့ ဖြေရှင်းမှုတစ်ခုကို ဒေသတွင်းနိုင်ငံတွေက ကြားဝင်ညှိနှိုင်းပေးနိုင်မယ်လို့ ပြောပြီး တဆက်တည်းမှာပဲ ”မြန်မာ့အကျပ်အတည်းဟာ မေ့ပျောက်ခံ ဖြစ်လာနေတယ်” လို့လည်း သတိပေးသွားပါတယ်။ အာဏာသိမ်းတဲ့စစ်တပ်ဟာ ၄င်းတို့ကိုယ်တိုင်မမျှော်လင့်ထားတဲ့ ပြည်သူ့တော်လှန်ရေးကိုရင်ဆိုင်နေရပြီး လေကြောင်းအားကိုးနဲ့ နေ့စဉ်ဗုံးကြဲပြီးဖိနှိပ်နေပါတယ်။ နှစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတွေ ကြုံနေရပြီး မြန်မာနိုင်ငံဟာ ဆိုးရွားတဲ့အကျပ်အတည်းတွင်း သက်ရောက်နေခဲ့ပါပြီ။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်ကထက် မြန်မာမှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုတိုးလာပြီးတော့ ရက်စက်ကြမ်းကြုတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန်က ပြောလာပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကော်မတီအစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေ ပိုဆိုးလာပြီး အရပ်သားရာနဲ့ချီသေဆုံးနေရတာကို သူက ထောက်ပြပါတယ်။ စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေဖမ်းဆီးခံရတာ မကြာခဏဖြစ်နေသလို အုပ်စုဖွဲ့ မုဒိန်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားပြီး ညှင်းပန်းနှိပ်စက်ခံခဲ့ရသူတွေအပါအဝင် မျက်မြင်သက်သေတွေဆီကနေ ထွက်ဆိုချက်တွေကို IIMM အနေနဲ့ စုဆောင်းထားတယ်လို့ ထုတ်ပြောပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တလွှားမှာလည်း အထူးစုံစမ်းမှုအသစ်တွေဆောင်ရွက်နေတယ်လို့ သူကထည့်ပြောပါတယ်။ IIMM ကို ပေးပို့လာတဲ့ သတင်းအချက်အလက်တွေအရ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲကြောင့် အရပ်သားတွေ ကြောက်မက်ဖွယ်ထိခိုက်ခံစားနေရပြီး မုဒိန်းမှု၊ ညှင်းပန်းနှိပ်စက်မှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေလည်းရှိနေကြောင်း ဆိုပါတယ်။ ကျူးလွန်သူတွေကို တရားစွဲအရေးယူမှုမလုပ်နိုင်ရင် ဒီလိုရာဇဝတ်မှုတွေ ဆက်ပြီးဖြစ်နေဦးမယ်လို့ သူကဆိုပေမယ့် IIMM အနေနဲ့ ဖမ်းဆီးတရားစွဲဖို့ အခွင့်အာဏာမရှိတာကိုလည်း ဝန်ခံသွားပါတယ်။ ဒါပေမယ့်လည်း ဥပဒေဆိုင်ရာ အခွင့်အာဏာရှိသူတွေကို တင်ပြကူညီသွားမှာဖြစ်ပြီး နိုင်ငံတကာတရားရုံးတွေမှာ အမှုတွဲတွေတည်ဆောက်နိုင်ဖို့ တရားစီရင်‌ရေးအရာရှိတွေနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါသည်။

You may have missed