ဇူလိုင် ၁၅၊ VOR
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာဆောင်ရွက်ရမယ့် လမ်းညွန်ချက်တွေကို ဒီကနေ့ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်လျှင် သတ်မှတ်ထားတဲ့ စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။
လမ်းညွှန်ချက်များအတွင်း မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ ထိုးစစ်ဆင်ရာမှာ တပ်ဖွဲ့ဝင်များ လိုက်နာရမယ့် စည်းကမ်းချက်များမှာ
– အရပ်သားပြည်သူများကို အနိုင်ကျင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း မပြုရ
– ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ၊စည်းစိမ်ဥစ္စာများအား အနိုင်အထက်ပြု သိမ်းယူခြင်းမပြုရ။
– စစ်မြေပြင်အတွင်းရှိ ယာဉ်များကို ခွင့်ပြုချက်မရဘဲ သိမ်းဆည်းသုံးစွဲခြင်းမပြုရ။ ပြည်သူပိုင်ယာဉ်များကို အသုံးပြုလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် တန်ရာတန်ကြေးပေးပြီးအသုံးပြုနိုင်သည်။
– စစ်ဘေးရှောင်ဒုက္ခသည်များအပါအဝင် ပြည်သူလူထုထံမှ ငွေကောက်ခံခြင်း လုံးဝမပြုရ။
– စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ။
– ခွင့်ပြုမိန့်မရှိဘဲ ပြည်သူပိုင်နေရာများ၊ဌာနဆိုင်ရာရုံးများ၊ အခြားအဆောက်အအုံများသို့ ဝင်ရောက်ပြီး ပစ္စည်းများကို သိမ်းဆည်းယူငင်ခြင်းမပြုရ။ သိမ်းဆည်းရပစ္စည်းများအားလုံးကို ပြည်သူပိုင်ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံရမည်။
– ပြည်သူများ စစ်ဘေးရှောင်လာပါက တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရမည်။ လိုအပ်သည်များ ကူညီပေးရမည်။
– အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး လုံခြုံစိတ်ချရသော စစ်ဘေးရှောင်စခန်းများ၊ နေရာများ စီစဉ်ဆောင်ရွက်ပေးရမည်။
– နယ်မြေတည်ငြိမ်ရေး၊တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို တိတိကျကျ တင်းတင်းကြပ်ကြပ် လိုက်နာရမည်။
– ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ဖွဲ့ဝင်များအားလုံး ညွှန်ကြားချက်နှင့် စည်းကမ်းများကို လိုက် နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူမည်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များမှာ
– တပ်ဖွဲ့ဝင်အားလုံးသည် မည်သည့်နေရာ၊ ဒေသတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် လျော်ညီသော ဝတ်စားဆင်ယင်၊ ပြောဆိုနေထိုင်မှု ရှိရမည်။
– ပြည်သူလူထုအထင်လွဲမှား ငြိုငြင်စေမည့် အပြောအဆိုနေထိုင်အသွင်အပြင် မဖြစ်စေရန် ပြုမူနေထိုင်ရမည်။
– ရပ်ရွာအတွင်း နေထိုင်လျှင် သက်ဆိုင်ရာတပ်မှူး၏ ဒေသန္တရအမိန့်များကို တိတိကျကျ တင်းတင်းကျပ်ကျပ် လိုက်နာရမည်။
– ရပ်ရွာအတွင်းနှင့် အများပြည်သူရှေ့မှောက်တွင် မူးယစ်သောက်စားခြင်း၊ ဆူပူရမ်းကားခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခြင်းတို့ကို အထူးအလေးထားရှောင်ကြဉ်ရမည်။
– ရပ်ရွာအတွင်း နေထိုင်ရာတွင် တပ်ဖွဲ့မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအပြင် ဒေသခံပြည်သူ များ လက်ခံ ယုံကြည်ကျင့်သုံးနေသော ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာအစဉ်အလာများကို အ ထူးလေးစားလိုက်နာရမည်။
– တပ်ဖွဲ့၏ နယ်မြေစိုးမိုးမှုရယူထားသော ဒေသများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ချမှတ် ထားသော အရပ် ဘက်အုပ်ချုပ်ရေးဆိုင်ရာစည်းကမ်းများကိုပါ လေးစားလိုက်နာပြီး အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရမည်။
– မြို့ရွာ၊ နယ်မြေများကို သိမ်းပိုက်ပြီးသည့်အခါ အရပ်သား/ ပြည်သူတို့ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို သက်ဆိုင်ရာ တာဝန်ရှိ သူများ၏ ခွင့်ပြုချက်မရဘဲ ယူငင်သုံးစွဲခြင်း၊ ပျက်စီးစေခြင်း၊ ခိုးဝှက်ယူငင်ခြင်း (လုံးဝ) မပြုလုပ်ရ။
– စခန်းသိမ်း၊ မြို့သိမ်း၊ နယ်သိမ်း ပြီးသည့်အခါ သိမ်းဆည်းရမိသမျှ လက်နက်ခဲယမ်း၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ဖုန်း စသော အသုံးအဆောင်ပစ္စည်းများ၊ ယာဉ်၊ ယန္တရားများကို သတ်မှတ်ထားသော လုပ်ငန်းစဉ်နှင့်အညီ သက်ဆိုင်ရာ တပ်ဖွဲ့တာဝန်ရှိ သူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံရမည်။ မိမိကိုယ်တိုင် (သို့) မိမိတပ်ဖွဲ့တွင် ယူ ဆောင်သိမ်းဆည်းအသုံးပြုခြင်း (လုံးဝ) ခွင့်မပြု။
– မိမိတပ်ဖွဲ့ အခြေပြုနေထိုင်ရာ ရပ်ရွာအတွင်း လူမှုရေးအရှုပ်အရှင်းနှင့် ငွေရေးကြေးရေး အရှုပ်အရှင်း ဖြစ်စေခြင်းများ (လုံးဝ) ခွင့်မပြု။ တိုင်ကြားခံရပါက (သို့မဟုတ်) စုံစမ်းစစ်ဆေးတွေ့ရှိပါက ထိထိ ရောက်ရောက် အရေးယူမည်။
– မိမိအခြေပြုနေထိုင်ရာ နယ်မြေအတွင်း တပ်ဖွဲ့ပုံရိပ်နှင့် တပ်ဖွဲ့မှ ပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုကာ မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးမချရ။ တွေ့ရှိက ထိရောက်စွာ အရေးယူမည်။
– မိမိအခြေချနေထိုင်ရာ ရပ်ရွာဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မိမိ တပ်ဖွဲ့က သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း တိတိကျကျ တင်းတင်းကျပ်ကျပ်လိုက်နာ ဆောင်ရွက်ရမည်။ သတ်မှတ်မူဘောင်ကို ကျော်လွန်၍ ဆောင်ရွက်ခြင်းမျိုးရှိပါက အရေးယူခံရမည်။
– သတ်မှတ်ခွင့်ပြုထားသူမှအပ တပ်ဖွဲ့ဝင်အားလုံး မီဒီယာတွင် အင်တာဗျူးဖြေဆိုခြင်း၊ သတင်း ပေးပို့ခြင်း မပြုလုပ်ရန်အပါအဝင် တာဝန်သတ်မှတ်ထားသူမှလွဲပြီး မီဒီယာနှင့် ဆက်ဆံရာတွင် တပ်ဖွဲ့ဝင်အားလုံး ဖြေရမည့် စကားမှာ “ပြောခွင့်၊ ဖြေဆိုခွင့် မရှိပါ” ဟူ၍သာ ပြောဆိုဖို့ ထုတ်ပြန်ထားပါတယ်။
အရေးပေါ်အခြေအနေမှာ လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်များအနေနဲ့
– လေကြောင်းတိုက်ခိုက်မှု ခံရစဉ်အတွင်း မိမိတပ်ကို အအုပ်အစည်းမပျက် လှုပ်ရှားဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရမည်။
– လေကြောင်းအန္တရာယ်ကာကွယ်ရေး နည်းလမ်းများကို တိတိကျကျလိုက်နာရမည်။
– တိုက်ပွဲတွင်းကာလတွင် မိမိတို့ တပ်ဖွဲ့က ချမှတ်ထားသည့် စစ်ရေးအစီအမံအတိုင်း တည်တည်ငြိမ်ငြိမ် တိတိကျကျ ဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရမည်။
– စစ်ရေးအခြေအနေကြောင့် လက်ရှိအခြေပြုနေရာကို စွန့်ခွာရပါက သတ်မှတ်ထားသော စစ်ရေးအစီအမံ အတိုင်း စနစ်တကျ လုပ်ဆောင်ရန်၊ ဆက်သွယ်သတင်းပို့ရမည်။
– ဓါတုအဆိပ်ဗုံး၊ မီးလောင်ဗုံး အန္တရာယ်တွေ့ကြုံရပါက အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မိမိတပ်ဖွဲ့ ဆေးကုသရေးအဖွဲ့က ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရမည်။ ယင်းဖြစ်စဉ်များကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။
– တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သား/ ပြည်သူများ၊ စစ်သုံ့ပန်းများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ကြော်ငြာစာတမ်း၊ ဂျနီဗာကွန်ဗန်းရှင်းပါ အချက်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ချမှတ်ထားသော ကျင့်ဝတ် စည်းကမ်းများ အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရမည် လို့ အပိုင်း ၃ပိုင်းခွဲပြီး ဖော်ပြထားပါတယ်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်