ဇူလိုင် ၇၊ VOR
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်း PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကာ ပြည်သူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပစ္စည်းများ လုယက်ယူဆောင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။
PNLA စစ်ဦးစီးချုပ်ဇာတိဖြစ်တဲ့ နားခိုက်ရွာကို PNO ပြည်သူ့စစ်က ဇူလိုင်လ ၁၆ရက်နေ့ မနက် ၉နာရီအချိန်ခန့်မှာ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူများအား ရိုက်နှက်နှိပ်စက်ကာ နေအိမ် ၈ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်ရဲ့ မိသားစုပိုင် နေအိမ်ကိုလည်း ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး အချို့နေအိမ်များမှာ ရဟန်းသံဃာများက တောင်းပန်ခြင်း၊ မီးငြိမ်းသတ်ပေးခြင်းကြောင့် မီးကူးစက်လောင်ကျွမ်းခြင်းမှ ကင်းလွတ်ခဲ့တယ်လို့ ဆိုပါတယ်။
PNO ပြည်သူ့စစ်ရဲ့ ရိုက်နှက်မှုကြောင့် နားခိုက်ကျေးရွာနေ ဦးတောင်းဆိုသူမှာ ခြေထောက်တဖက်နဲ့ လက်တဖက်ကျိုးခဲ့တဲ့အပြင် နားခိုက်ကျေးရွာ ဒေသခံ ၁၀ ဦးထက် မနည်းကို ဖမ်းဆီးခဲ့ပြီး ၃ ဦးထက်မနည်းကို ရွာလယ်ခေါင်တွင်ပင် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ယင်းဒေသခံများကို စစ်ကောင်စီလက်ပါးစေ PNOများက တော်လှန်ရေးကိုအားပေးသူများဟု စွပ်စွဲကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသခံများကို ဖမ်းဆီးရမိကြောင်းလည်း PNO ပြည်သူ့စစ်ခေါင်းဆောင်များ၏ လူမှုကွန်ယက်တွင် ပုံတင်ထားသည်ကို တွေ့ရကြောင်း၊ ယင်းဓာတ်ပုံများတွင် ပါဝင်သည့် ရွာသား၅ ဦး အခြေအနေကို ဆက်လက်စုံစမ်းရာ နားခိုက်ဒေသခံ ခွန်တမျို့ ၊ ခွန်ခင် နှင့် နောက်ထပ်အမည်အတည်မပြုနိုင်သေးတဲ့ ဒေသခံ ၁ ဦး စုစုပေါင်း ၃ဦးကို PNO ပြည်သူ့စစ်မှ ပစ်သတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဖမ်းဆီးခံဒေသခံများကို တခါတည်းရှင်းပစ်လိုက်ပြီဖြစ်ကြောင်း Comment တွင် ရေးသားထားသည်ကိုတွေ့ရကြောင်း၊ အမှန်စင်စစ်မှာ ထိုအဖမ်းခံရ အသတ်ခံရသူများဟာ နားခိုက်ကျေးရွာဒေသခံ ပအိုဝ်းလူမျိုးများသာဖြစ်ကြောင်း၊
စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်များဟာ ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်တိုင်း အပြစ်ကို ဝန်မခံရဲဘဲ PDF များကို ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့တယ်လို့ အမြဲတမ်းလိုလို ဝါဒဖြန့်ချီလိမ်လည်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်တွေဟာ နားခိုက်ကျေးရွာအတွင်းရှိ ကားတစီးကို မီးရှို့ပြီး ကားတစီးနဲ့ ဆိုင်ကယ် ၂၆ စီးကိုလည်း လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဗဟိုပြန်ကြားရေးဌာန ဌာနမှူးဆိုသူရဲ့ Tiktok လူမှုကွန်ယက်စာမျက်နှာတွင်လည်း “ ဦးသူရိန်တို့ ပီဒီအက်တို့ကို ထောက်ခံချင်ဦး ၊ ထမင်းထုပ်တောင်းရင် မပေးချင်ဦး မင်းတို့နားခိုက်အုပ်စုတွေ သတိထား” ဟူ၍၎င်း၊ “ထောက်ခံချင်ဦး တရွာလုံးကို ပြာချပစ်မယ်”ဟူ၍၎င်း နားခိုက်ကျေးရွာကို ခြိမ်းခြောက်ပြောဆိုထားသည်ကိုတွေ့ရတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က နားခိုက်ကျေးရွာကို ထမင်းထုပ် ၆၀၀ ပို့ပေးရန် တောင်းသဖြင့် ဒေသခံများက ချက်ပြုတ်ပြီး သွားရောက်ပို့ဆောင်ရာ ထမင်း ဟင်းများကို မစားသောက်ဘဲ ဒေသခံများရှေ့တွင်ပင် မြေကြီးပေါ် အကုန်သွန်ချပစ်ပြခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်သည် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့မှာလည်း နားခိုက်ကျေးရွာအနီး ထမ်းယံတိုင်ကျေးရွာနေ ခွန်တငွေကို ပစ်သတ်ခဲ့ပြီး ခွန်ငွေ၏မိတ်ဆွေ ခွန်မောင်ပေးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
နားခိုက်ကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာဖြစ်ပြီး ပြိးခဲ့တဲ့ ဧပြီလကလည်း စစ်ကောင်စီလက်ပါးစေပြည်သူ့စစ်များက ပထမအကြိမ် မီးဝင်ရှို့ခဲ့တယ်လို့ သိရပါတယ်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်