ဧပြီ ၂၃၊ VOR
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် ယမန်နေ့တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ဒုတိယ ဥက္ကဌ ၂ ၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို ဖြိုချဖျက်ဆီးကာ မီးရှို့ခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။
ယင်းနေအိမ်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုတိယ ဥက္ကဌ ၂ စစ်ဦးစီးချုပ်၏ မိသားစုဝင်များက စုပေါင်းပိုင်ဆိုင်သည့် နေအိမ်ဖြစ်ပြီး တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်ဟုဆိုကာ PNO ပြည်သူ့စစ်များက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နားခိုက်ကျေးရွာအတွင်းရှိ အခြား နေအိမ် ၆ လုံးကိုလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO/ PNLA ကို အားပေးသည့် သူများ၏ နေအိမ်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ယင်းနေအိမ်များကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်သည့်အဖွဲ့များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင်တိုက်ခိုက်သည့်အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန်အသိပေးခဲ့ပြီး ယင်းအတိုင်းလည်း ကျင့်သုံးခဲ့ကြောင်း၊ထိုသို့ ကျင့်သုံးသော်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသကို လက်နက်ကြီးများ မီးလောင်ဗုံးများ လေယာဉ်များဖြင့် ပစ်ခတ်ဖျက်ဆီးနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း PNLA က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။








More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်