ဧပြီ ၂၃၊ VOR
မကွေးတိုင်း၊ မြိုင်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ရက်သတ္တတစ်ပတ်ကြာ လိုက်လံ တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိကာ လက်နက် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ဧပြီ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြိုင်မြို့ တောင်ဘက် ၂ မိုင်ကျော်အကွာ၌ အခြေပြုထားသည့် စက်မှု ၂ မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် မွန်းလွဲ ၂ နာရီကျော်တွင် ပေါက်မြို့နယ် ဆေးပင်ကြီးကျေးရွာနှင့် ကျောက်မဏ္ဍပ် တောလျှိုမြောင်အတွင်း ရောက်ရှိလာချိန် တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီကျော်တွင် ဖလန်ကိုင်းရေနံမြေသို့ ထွက်ခွာသွားကြောင်း သိရသည်။
ဧပြီ ၁၅ ရက်နေ့ မနက် ၁၁ နာရီကျော်တွင် အဆိုပါစစ်ကြောင်းသည် အင်အား ၅၀ ခန့်ဖြင့် ဖလန်ကိုင်းကျေးရွာကို ရောက်ရှိသွားခဲ့ပြီး တော်လှန်ရေးတပ်များက ည ၁၁ နာရီခန့်မှ စတင်ကာ မနက် ၄ နာရီခွဲအထိ ဒရုန်း ဗုံးသီး မြောက်မြားစွာနဲ့ ကြဲချတိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၇ ရက်နေ့ မနက် ၇ နာရီခန့်မှ ညနေ ၄ နာရီ ၄၀ မိနစ်အထိလည်း ဒရုန်းဗုံးသီး ၈၀ ကျော် ဖြုတ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းတိုက်ခိုက်မှုများအတွင်း ရဲအုပ် သန်းဇော်လင်း၊ ရဲတပ်သား ထက်လင်း၊ ရဲ ဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်၊ ရဲတပ်သား ဟိန်းပြည့်အောင်တို့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဖလန်ကိုင်း ရေနံမြေသို့ ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် ပုန်းအောင်းကာ ပြန်လည်ထွက်ခွာသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၁၀၀ ကျော်ခန့် ဖလန်ကိုင်း ကျေးရွာ၌ ပျောက်ကွယ်သွားသဖြင့် ရော့ကတ်များ၊ ဒရုန်းဗုံးသီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာများကို ဧပြီ ၂၂ ရက်နေ့ မနက် ၁ နာရီကျော်အချိန်အထိ ဒရုန်းဗုံးသီး ၁၀၀ ကျော် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် ခိုအောင်းနေနိုင်သည့် နေရာများကို ဧပြီလ ၂၂ ရက်နေ့ မနက် ၅ နာရီကျော်တွင် တော်လှန်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျောက်မဏ္ဍပ်အနီး လက်နက်ကိုင် ၆ ယောက် တွေ့ရှိသဖြင့် ဝိုင်းဝန်း ပစ်ခတ်ဖမ်းဆီးရာ ဖလန်ကိုင်းရေနံမြေ ရဲများ ဒဏ်ရာရပြီး လက်နက်များနှင့်အတူ အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ရဲ ၆ ယောက်မှာ ရဲအုပ် အောင်အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သားညွန့်ဝင်း၊ ရဲဒုတပ်ကြပ် အေးမင်းတို့ဖြစ်ပြီး ဒဏ်ရာရရှိသည့် ရဲများကို တော်လှန်ရေးတပ်ဖွဲ့မှ ဆေးတာဝန်ခံနှင့် ဆေးတပ်ဖွဲ့ဝင်များက ဆေးကုသပေးနေကာ စိုးရိမ်ဒဏ်ရာရရှိသူ ၂ ဦးနဲ့ ကျည်ထိမှန်သူ ၄ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ စစ်သုံ့ပန်း ထိန်းသိမ်းရေးဥပဒေနဲ့ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်၊
အဆိုပါရဲ ၆ ယောက်ထံမှ G-3 ၄ လက်၊ ကျည်ဘောက် ၄ ဘောက်၊ G-3 ကျည် ၃၀၀ တောင့်၊ 79 ၁ လက်၊ ၄၀ မမ ကျည် ၁၀ လုံး၊ AK ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၇၂ တောင့်၊ MA-11 ၁ လက်၊ ကျည်ဘောက် ၁ ဘောက်၊ ကျည် ၄၀၀ တောင့်၊ BA-94 ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၂၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၈ လုံး၊ Power Bank ၁ လုံး၊ ပတ်တီး ၂ ခု၊ ဓားမြှောင် ၂ ချောင်း၊ ဓာတ်မီး ၁ လက်၊ ကျည်ကာဦးထုပ် ၅ လုံး၊ ပွိင့် ဖိနပ် ၃ ရံ၊ ကျည်ကာအင်္ကျီ ၇ ထည်၊ နာရီ ၁ လုံး၊ ငွေကျပ် ၁၄၄၈၅၀ ကျပ်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများကို မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့ ဦးစီးပြီး မြိုင်ပကဖ အဖွဲ့ဝင်တွေဖြစ်သည့် Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့၊ ပေါက် ဦးကြီးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






I am really inspired with your writing abilities and also with the format on your blog. Is this a paid subject or did you modify it yourself? Either way keep up the nice high quality writing, it’s rare to look a nice weblog like this one these days!