Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 2, 2026

ရက္ခိုင့်တပ်တော်ထံ လက်နက်ချသူ တပ်နှင့်မိသားစု ထောင်ချီရှိပြီဟု ဆို

ရက္ခိုင့်တပ်တော်ထံ လက်နက်ချသူ တပ်နှင့်မိသားစု ထောင်ချီရှိပြီဟု ဆို

မတ် ၂၇၊ VOR

ရက္ခိုင်၊ ပလက်ဝ ဒေသများမှ လက်နက်ချအညံ့ခံသော (စစ်ဘက်+တပ်မိသားစု) အရေအတွက် မှာ ထောင်ချီ၍ ရှိထားပြီးဖြစ်ပြီး လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း AA က ထုတ်ပြန်ဖော်ပြထားသည်။

ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ (၂၅) ရက်နေ့တွင် အဆိုပါစခန်းမှ အင်အား (၁၀၀) ခန့် ပါဝင်သောတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြီး နောက်တွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့ကြောင်း သိရသည်။

စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပြီး တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ အခြားသောစခန်းများကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကို ရက္ခုင့်တပ်တော် AAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က သတင်းထုတ်ပြန်သည်။

၎င်းတပ်ရင်းစခန်းကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ ( ၃၅) မိနစ်အချိန်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောစစ်သားအချို့ကို လက်ရဖမ်းဆီး မိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ရက္ခိုင့်တပ်တော်က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရက္ခိုင်၊ ပလက်ဝ ဒေသများမှ လက်နက်ချအညံ့ခံသော (စစ်ဘက်+တပ်မိသားစု) အရေအတွက် မှာ ထောင်ချီ၍ ရှိထားပြီးဖြစ်ပြီး လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း AA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရက္ခိုင့်တပ်တော်မှ တစ်လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိကြောင်း သိရသည်။

You may have missed