မတ် ၁၅၊ VOR
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ်လ ၁၄ရက်နေ့တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ကျင်းပခဲ့ပြီး အခမ်းအနားကို တက္ကသိုလ်၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်တွင် ကြားကာလ ယာယီ ဆေးတက္ကသိုလ်ကောင်စီများမှ ကျင်းပပြုလုပ်သည့် စာမေးပွဲအောင်မြင်သူ ဆေးပညာဘွဲ့(၃)ဦး ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျင်းပပြုလုပ်သည့် စာမေးပွဲအောင်မြင်သူ မဟာသိပ္ပံဘွဲ့ (၂)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၁)ဦး၊ ဂုဏ်ထူးတန်း (၃)ဦး၊ မဟာအရည်အချင်းစစ် ဘွဲ့လွန်တန်း (၆)ဦး၊ သိပ္ပံဘွဲ့ (၁၀)ဦး ၊ ဝိဇ္ဇာဘွဲ့ (၁၀၄)ဦး၊ စုစုပေါင်း (၁၃၉)ဦးအား ဘွဲ့ဒဂရီအသီးသီး ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်အဓိပတိ ဗိုလ်ချုပ်ကြီး ဂွန်မော် မှ ဘွဲ့နှင်းသဘင် ဂုဏ်ပြုမိန့်ခွန်းတွင် “ဘွဲ့ယူမောင်မယ်တို့သည် ၂၁ ရာစု ပညာခေတ်၏ စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားပြီး မိမိတို့၏ ဇာတိမြေကို ခေတ်နှင့်အညီ ဖွံဖြိုး တိုးတက်အောင် စွမ်းဆောင်ရန်သာမက ၂၀၂၁ ခုနှစ်က စတင်ခဲ့ပြီး ယနေ့တိုင် ဆင်နွှဲနေဆဲဖြစ်သည့် စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အရေးတော်ပုံ ကြီး အောင်ပန်း ဆွတ်ခူးနိုင်အောင် မိမိတို့ တက်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာတို့ကို အစွမ်းကုန် အသုံးချခြင်းအားဖြင့် အမိတက္ကသိုလ်၊ ဒေသ အတွက် ဂုဏ်ရောင် ထွန်းပြောင်သည့် ကျောင်းတော်ထွက် နိုင်ငံသားကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ်ကြစေရန် အလေးအနက် တိုက်တွန်းကြောင်း” ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ မှ အရာရှိကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား/သူများ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။










More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်