Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 12, 2026

NUG နှင့် ထိုင်းလွှတ်တော် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီကန့်ကွက်စာပို့

NUG နှင့် ထိုင်းလွှတ်တော် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီကန့်ကွက်စာပို့

မတ် ၂၊ VOR

ထိုင်းနိုင်ငံလွှတ်တော်က ယနေ့ ဦးဆောင်ကျင်းပသည့် မြန်မာအာဏာသိမ်းမှု ၃ နှစ်ပြည့် ဆွေးနွေးပွဲအား ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာပို့ခဲ့ကြောင်း သိရသည်။

မတ် ၂ ရက်၊ ၃ ရက်တို့တွင် ထိုင်းလွှတ်တော်က အာဏာသိမ်းမှု သုံးနှစ်အကြာ ဒီမိုကရက်တစ်မြန်မာသို့ နှင့် ထိုင်း-မြန်မာနယ်စပ်ဒေသ လုံခြုံရေးသက်ရောက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပနေခြင်း ဖြစ်ရာ စစ်ကောင်စီက ပြီးခဲ့သည့်အပတ်အတွင်း၌ ၎င်းကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပါဝင်ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြုအဖွဲ့ဝင်အချို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အရေး ထိုင်းလွှတ်တော်ဆွေးနွေးပွဲအား ထိုင်းအစိုးရ အတိုက်အခံပါတီ Move Forward က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပါတီခေါင်းဆောင်းပိုင်းမှလည်း ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်း-မြန်မာ နှစ်နိုင်ငံကြား လက်ရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအပေါ် အနုတ်လက္ခဏာဆောင်သည့် ထိုဆွေးနွေးပွဲကျင်းပခြင်းအတွက် ထိုင်းလွှတ်တော်အား ကန့်ကွက်ကြောင်းနှင့် မြန်မာ၏ စိုးရိမ်ပူပန်မှုများကို လွှတ်တော်သို့တဆင့် ပြောကြားပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

“လက်ရှိ နွေးထွေးသော ဆက်ဆံရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်မှုကိုမဆို အနာဂတ်တွင် မလုပ်ဆောင်ရန် ၎င်းတို့ကို အသိပေးစေလိုသည်” ဟု လည်း စစ်ကောင်စီက ပြောထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်၌ ပြဌာန်းခဲ့သည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရန် အကျုံးဝင်သည့် မြန်မာလူငယ်များ ထိုင်းနိုင်ငံသို့ ဝင်ရောက်မှု ပိုမိုများပြားလျက် ရှိနေပြီး ထိုစစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် မြန်မာလူငယ်များကို ကူညီပေးရန်နှင့် အလုပ်လုပ်ခွင့်ပေးရန် Move Forward ပါတီနှင့် ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားသည့် ပါတီ ၈ ခု ထဲမှ တစ်ပါတီ ဖြစ်သည့် Fair Party အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်သည့် Kannavee Suebsang က ထိုင်းအစိုးရကို တောင်းဆိုထားသည်။

You may have missed