ဖေဖော်ဝါရီ ၁၆၊ VOR
၁၀၂၇စစ်ဆင်ရေးစတင်ပြီး ၃လအတွင်း ရက္ခိုင်ဒေသ မြို့ ၇မြို့ကို AA ကထိန်းချုပ်ထားနိုင်ပြီး ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း AA က သတင်းထုတ်ပြန်သည်။
၃လတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ တောင်ပြို၊ မြေပုံမြို့များကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့မှစ၍ စစ်ကောင်စီသည် ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့များ၌ AA၏စခန်းများကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင်ရှိသော ဗောဓိကုန်းစခန်းအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော်မှ ဗောဓိကုန်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။
ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လျက်ရှိသလို ရသေ့တောင်မြို့တွင်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမှာ စတင်ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်သကဲ့သို့ စစ်ကောင်စီသည် ယမန်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့် ၎င်းအနီးအနားရှိ ကျေးရွာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသောကြောင့် ရသေ့တောင်မြို့သည် စစ်ကောင်စီ၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။။
ထို့အတူ ယမန်နေ့တွင် ပလက်ဝမြို့အတွင်းသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ