ဖေဖော်ဝါရီ ၇၊ VOR
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ထားသည့် သထုံႏပေႏ(ဆီဆိုင်)မြို့မြောက်ဘက်တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PNLA တို့ ယမန်နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီအလောင်း၆လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့သည်ဟု PNLA က သတင်းထုတ်ပြန်သည်။
ထိုသို့ ထိတွေ့မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီနှင့်အပေါင်းအပါများသည် စစ်ရေးပစ်မှတ်မဟုတ်သည့် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြည်သူများ၏ အိုးအိမ်စည်းစိမ်များထိခိုက်မှု အချို့ရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီတပ်သည် ခမရ ၄၂၃အနီးတွင် ရေဆင်းခပ်ရာ ၎င်းတို့ကိုယ်တိုင်ထောင်ထားသည့် မိုင်းကိုပြန်နင်းမိပြီး ၂ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲ့ကို စစ်ကောင်စီနှင့်အပေါင်းအပါများက ဆီဆိုင်မြို့နယ်တနေရာတွင် ချောင်းမြောင်းပစ်ခတ်သဖြင့် ပြန်လည်ခုခံရှင်းလင်းခဲ့ရာ လွယ်ပွတ်ကျေးရွာအတွင်းသို့ ဝင်ပြေးကာ ဒေသခံပြည်သူများ၏ မော်တော်ယာဉ်များကို အဓမ္မယူဆောင်ကာ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။
ထိုသို့ ထွက်ပြေးသွားသည့် ချောင်းမြောင်းပစ်ခတ်သူကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ပြည်သူ့စစ် ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
(PNLA) ထိန်းချုပ်ထားသည့် သထုံႏပေႏ(ဆီဆိုင်)မြို့ကို ယနေ့အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေလျက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ဆုံးရှုံးရသည့်မြို့များ ရွာများကို အလုံးစုံဖျက်စီးပစ်ရေးသဘောထားဖြင့် ပအိုဝ်းကျေးရွာများ မြို့များကို ဖျက်စီးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ဒေသတွင်း လုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် PNLA စစ်ကြောင်းကို တွေ့မြင်ပါက လူမှုကွန်ယက် အွန်လိုင်းပေါ်တင်ခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံတိုက်တွန်းထားသည်။
ယခုလို မေတ္တာရပ်ခံရခြင်းမှာ အချို့ပြည်သူများသည် PNLA စစ်ကြောင်းလှုပ်ရှားမှုကို တွေ့မြင်သည့်အခါ လူမှုကွန်ယက်ပေါ်တင်ခြင်းများ ပြုလုပ်ကြသဖြင့် စစ်ကြောင်းလှုပ်ရှားရာဒေသအတွင်းရှိ ကျေးရွာများ မြို့များကို စစ်ကောင်စီနှင့်အပေါင်းအပါများက လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခတ်ခြင်းကြောင့် မလိုလားအပ်သည့်ထိခိုက်မှုများ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ