Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

ဗုံးကျဲခံရသည့် သင်တောဘုန်းကြီးကျောင်းနှင့် စစ်တပ် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ဇန်နဝါရီ ၁၃ရက်က ထွက်ပြေးနေရသည့်ပြည်သူများ

ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများတိမ်းရှောင်နေရ

ဖေဖော်ဝါရီ ၃၊ VOR

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ ကျေးရွာများကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများတရစပ်လုပ်နေပြီး စစ်ရေးပစ်မှတ်မဟုတ်သည့်‌ကျေးရွာများ၊ သာသနိကအဆောက်အဦးများကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ကန့်ဘလူခရိုင်အတွင်းရှိ ပင့်သာတိုက်နယ်၊ ချပ်သင်းတိုက်နယ်နှင့် ကိုးထောင်ဘို့တိုက်နယ်အတွင်းမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ၅ကြိမ် ပြုလုပ်ခဲ့သဖြင့် သံဃာတော်တစ်ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၈ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် သင်တောရွာဘုန်းကြီး ကျောင်းအား ဗုံးသီး ၂လုံး၊ ဇော်ချောင်းရွာဘုန်းကြီးကျောင်းအား ၂သီးနှစ်လုံး ကျဲချခဲ့သဖြင့် သင်တောရွာမှ ရဟန်းတစ်ပါးနှင့် အပြစ်မဲ့ပြည်သူ ၈ဦး အရေးပေါ်ကုသနေပြီး ဇော်ချောင်းကျေးရွာမှ ရဟန်းတစ်ပါးနှင့် ပြည်သူ ၁ဦးတို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်ရှိ မြောက်ခြမ်းမှ ပင့်သာ(တည်ပင်) ရွာ နှင့် မကျီးကုန်း ရွာတို့အား အာဏာသိမ်းစစ်အုပ်စုက ဗုံးသီး၄လုံး ကျဲချခဲ့ပြီး မကျီးကုန်းရွာတွင် အထိအခိုက်မရှိသော်လည်း ပင့်သာ ရွာ၏ထိခိုက်မှုကိုတော့ စုံစမ်းနေသေးကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားသည်။

ထို့ပြင် နေ့လယ် နှစ်နာရီခန့်တွင် မကျီးကုန်းရွာ၊ ချောင်းကြားရွာ နှင့် အင်းမရွာတို့ကြားအား တံတာဦးလေဆိပ်မှ တက်လာသည့်ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သောကြောင့် မကျီးကုန်းရွာတောင်ပိုင်းမှ နေအိမ် ၅လုံး ပျက်စီးခဲ့ပြီး ကြိုတင်တိမ်းရှောင်နိုင်တာကြောင့် ပြည်သူများ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ ညနေ သုံးနာရီမိနစ်ငါးဆယ်တွင် ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ဇီးကုန်းရွာဘုန်းကြီးကျောင်းအား အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁ဦး ထိခိုက်ပြီး ညနေ ၄နာရီခွဲတွင် ညောင်ကုန်းရွာရှိ စာသင်ကျောင်းအား အာဏာသိမ်းစစ်အုပ်စုဘက်က ဂျက်ဖိုက်တာဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူနှင့် ဆက်စပ်နေသည့် ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရေး အစွမ်းကုန်ကြိုးစားနေပြီး အင်အား ၁၀၀၀ ကျော်ရှိ တပ်မပေါင်းစုံအား ပြီးခဲ့သည့် ဇန်ဝါရီလ ၂၆ ရက်နေ့မှစပြီး ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းသို့ ပို့ဆောင်ထားကာ ယင်းမှတဆင့် ကျွန်းလှမြို့သို့ အဆင့်ဆင့်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နမခမှတက်လာသော Mi17 ၂စီးဖြင့် ကျွန်းလှမြို့ဘောလုံးကွင်းမှတဆင့် ကိုးတောင်ဘို့အထိုင်စခန်းသို့ ၇ ခေါက်နှင့် ဝန်းသိုတပ်ရင်းသို့ ၅ ခေါက် စုစုပေါင်း၁၂ ကြိမ်ထက်မနည်း ခေါက်တုန့်ခေါက်ပြန်ပို့ဆောင်နေကြောင်းသိရသည်။

You may have missed