ဇန်နဝါရီ ၃၁၊ VOR
ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် တပ်စွဲအခြေချ ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအားမီးရှို့ရှင်းလင်းလိုက်ကြောင်း မြိတ်ခရိုင် အမှတ် ၁တပ်ရင်းက သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းကို ဇန်နဝါရီလ ၃၀ရက် နံနက်(၅)နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၈နာရီအချိန်တွင် စခန်းသိမ်းနိုင်ခဲ့ကာ ပျူစောထီး(၅)ဦးနှင့် စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် ခလရ(၁၇)သို့ ဒရောသောပါးဆုတ်ခွာ ထွက်ပြေးခဲ့ကြပြီး မြိတ်မြို့မှ ရောက်ရှိလာသော စစ်ကူများ ဖြည့်တင်းလျက် မီးလောင်ချောင်းကျေးရွာသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်ဟု သိရသည်။
ယမန်နေ့ နံနက်(၈)နာရီ(၃၀)မိနစ်ဝန်းကျင်တွင် စစ်ကောင်စီဘက်မှ Mi-2 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ဒဏ်ရာရခဲ့သဖြင့် စခန်းမှပြန်လည်ခွာစစ်ဆင်ခဲ့ရကြောင်း မဟာမိတ်တပ်များသည် မီးလောင်ချောင်းကျေးရွာမှ နံနက်(၁၀)နာရီဝန်းကျင်တွင် အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုနောက် စစ်ကောင်စီတပ်များသည် နေ့လည်(၁၂)နာရီဝန်းကျင်အထိ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ရာ တပိုကျေးရွာမှ အမျိုးသမီး(၂)ဦး ထိခိုက်ခဲ့ပြီး လမ်းပေါ်ရှိ ယာဉ်မောင်း(၁)ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရသည်ဟု သိရသည်။
အဆိုပါတိုက်ပွဲအတွင်း ပျူစောထီး(၅)ဦးနှင့် စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ပြီး မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ အမှတ်(၃)တပ်ခွဲမှူး မိုးညို၊ ရဲဘော်ကျော်ကြီး အပါဝင် မဟာမိတ်တပ်များဘက်မှ ရဲဘော်(၃)ဦး၊ စုစုပေါင်းရဲဘော်(၅)ဦး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်ဟု သိရသည်။
ပုလောဒေသရှိ တော်လှန်ရေး မဟာမိတ်တပ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်အား အပြီးသတ်ချေမှုန်းရန် မှတပါး အခြား ရွေးချယ်စရာ မရှိတော့ကြောင်း ပုလောဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ အပေါင်းအပါ ပျူစောထီးတပ်ဖွဲ့များကို အပြီးသတ် ချေမှုန်းမည်သာ ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။
ပုလောဒေသအတွင်း ဆက်လက်၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာမည် ဖြစ်သဖြင့် ပြည်သူများ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များကို မသွေမတိမ်း လေးစား လိုက်နာပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်