ဇန်နဝါရီ ၁၅၊ VOR
ပလက်ဝဒေသတစ်ခုလုံးကို စီမံကွပ်ကဲနေသည့် မြို့ အခြေစိုက် စစ်ကောင်စီ၏ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊ နံနက် (၇) နာရီ (၁၀) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နောက်ဆုံးကျန်ရှိနေသည့်”နှမဒါဗျူဟာ” စခန်းကိုသိမ်းပိုက်လိုက်သည့် ဇန်နဝါရီ ၁၄ရက်နေ့ကို ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ရက္ခိုင့်တပ်တော်က ကြေညာလိုက်သည်။
“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသအတွင်း AA က ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသည့် စခန်း များစွာထဲမှ နောက်ဆုံးလက်ကျန်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစခန်းကြီးလည်းဖြစ်ပြီးလက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသတစ်ခုလုံးရှိ ၎င်းတို့၏တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” လည်းဖြစ်သည်။
ထို့အပြင် ဤတပ်ရင်း ဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံခန့်ခွဲညွှန်ကြားနေသော ဌာနချုပ်စခန်း ဖြစ်သည့်အပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်။
ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”၊ “စကခ(၁၉) ရှေ့တန်းတပ်မဌာနချုပ်”နှင့် “တပ်မ(၁၁)” လက်အောက်ခံတပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားလျက်ရှိသည်။
ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော “စကခ(၁၉)” နှင့် “တပ်မ (၁၁)” တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်ဝမြို့သည် အကြီးဆုံးဗျူဟာစခန်းကုန်းလည်း ဖြစ်သည်။
ထို့ပြင် ပလက်ဝဒေသအတွင်းမှ တစ်ခုတည်းသော ရက္ခိုင့်တပ်တော်က နောက်ဆုံးသိမ်းပိုက်ရန်ကျန်ရှိနေသေးသော “နှမဒါဗျူဟာ” မှ ဗျူဟာစခန်းကိုလည်း ယမန်နေ့၊ ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဇန်နဝါရီ ၁၄ရက်နေ့မှစ၍ ပလက်ဝဒေသတစ်ခုလုံးသည် “စစ်ကောင်စီလုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့ပြီဖြစ်ပြီး ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများ တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မှမရှိရလေ အောင် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးသည့်နောက်တွင် ပလက်ဝဒေသတစ်ခုလုံး၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား နှင့် စစ်ကောင်စီ၏အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်သည်။ တစ်နည်းအားဖြင့် ပလက်ဝဒေသတစ်ခုလုံးအား ရက္ခိုင့် တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ကြေညာလိုက်သည်။
ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်စတင်ခဲ့ပြီး “တရွန်အိုင်” နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဤထိုးစစ်မစခင်ကတည်းကပင် ရက္ခိုင်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဗျူဟာ မြောက်စွာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်တွင်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီ၏ စခန်းများဖြစ်ကြသော (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) အစရှိသောစခန်းများကို ဗျူဟာမြောက် စွာဖြင့် စနစ်တကျ တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခဲ့ပြီး ဤကဲ့သို့ သိမ်းပိုက်ရရှိပြီးနောက်မှသာ ပလက်ဝမြို့တစ်မြို့လုံးကို နောက်ဆုံးတွင်မှ အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သကဲ့သို့ အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီ လည်း ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ချက်တွင် ကြေညာလိုက်သည်။
ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” နှင့် “ခန်ခတောင်ဗျူဟာ” စခန်းနှစ်ခုထဲမှ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ခန်ခတောင်ဗျူဟာ” မှ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြပြီး အခြားတစ်ဖက်တွင် တစ်ယောက်ချင်း (သို့မဟုတ်) အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ်မြောက်နေသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ဖြင့် (သို့) လက်နက်မဲ့ဖြင့် ရှိနိုင်သောကြောင့် ပလက်ဝဒေသအတွင်း မိဘပြည်သူ များအနေဖြင့် အထူးသတိထားကြရန်နှင့် အသွားအလာများရှိပါက သတိထားသွားလာကြရန်လည်း အသိပေးထားသည်။
AA အနေဖြင့် ပြည်သူတို့၏ အသက်၊ အန္တရာယ် ၊ အိုးအိမ်၊ စည်းစိမ်တို့ကို ယခုထက်ပိုမိုလုံခြုံစိတ်ချစေရန်အတွက် အဆိုပါ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်သော ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီအချိန်ခန့်တွင် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
“မီးဝဗျူဟာ”စခန်းကုန်းကြီးကိုလည်း ဇန်နဝါရီလ (၉) ရက် နံနက် (၁၀) နာရီ (၂၈) မိနစ်ခန့်အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဗျူဟာစခန်းကုန်းကြီးအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၄) ရက်မှ ၂၀၂၀ ခုနှစ်၊ မတ်လ(၁၇) ရက်အထိ ရက်ပေါင်း (၄၂) ရက်ကြသည့်တိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအချိန်က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းမရှိခဲ့သော ဗျူဟာစခန်းတစ်ခုဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ထိုးစစ်အပြီး နှစ်နှစ်နီးပါးအကြာ ယနေ့၌ လေးရက်တာ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲတိုက်ခိုက်ပြီးနောက်တွင်မှ ယခုကဲ့သို့ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မီးဝဗျူဟာမှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြားအပြားကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
“မီးဝဗျူဟာ” နှင့် “နှမဒါ” ဗျူဟာကုန်းများအား သိမ်းပိုက်ပြီးသည့်နောက်တွင်-
(၁) ကျောက်တော်မြို့နယ်အတွင်းရှိ အမြောက်တပ်စခန်းတစ်ခုဖြစ်သော “အမတ (၃၇၇) စခန်း” ကိုလည်း ဇန်နဝါရီလ (၁၄) ရက် ၊ နံနက် (၃) နာရီ (၃၀) မိနစ်တွင် လည်းကောင်း၊
(၂) ရသေ့တောင်မြို့နယ်၊ “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်း ဇန်နဝါရီလ (၁၄) ရက် ၊ နေ့လယ် (၁၂) နာရီတိတိအချိန် တွင်လည်းကောင်း ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
“ရီစိုးချောင်း ဗျူဟာ” သည်လည်း ရသေ့တောင်မြို့နယ်အတွင်း မိမိတို့၏ နှစ်ရှည်လများ ဝိုင်းဝန်းပိတ်ဆို့ထားခြင်းခံရသော စခန်းတစ်ခုဖြစ်ပြီး ယနေ့အချိန်တွင် ၎င်းတို့၏ အချက်အချာနှင့် မဟာဗျူဟာကျသော ဗျူဟာကုန်းကြီးများကို ရက္ခိုင့် တပ်တော်မှ တစ်ခုပြီးတစ်ခုသိမ်းပိုက်နေသောကြောင့်မည်သို့မျှ တောင့်ခံနိုင်ခြင်း မရှိတော့သည်ကို ကောင်းစွာနားလည် သဘောပေါက်၍ ကြောက်လန့်ကာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြသောကြောင့် သိမ်းပိုက်ရရှိထားသော ဗျူဟာ စခန်းကုန်းများမှ စစ်သားအချို့သည် ထွက်ပြေးလွတ်မြောက်နေကြသဖြင့် လိုက်လံရှင်းလင်းလျက်ရှိသည်ဟု သိရသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တပ်တို့ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ မြောက်ဘက်၊ ခမောင်းဆိပ်ရွာ၏ အနောက်မြောက်ဘက် (၂.၂) ကီလိုမီတာ အကွာအဝေး၌ ဇန်နဝါရီလ (၁၄) ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား(၂၀) ကျော်အား အချိန်တိုတိုအတွင်း ချေမှုန်းသုတ်သင် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ပြန်သည်။
သိမ်းပိုက်ရရှိသောစခန်းများတွင် နောက်ဆက်တွဲအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်၊ နံနက် (၁၁) နာရီ အချိန်ခန့်တွင် မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
“ရောမမြို့ကို တစ်ရက်တည်းဖြင့် တည်ဆောက်၍မရ” ဆိုသကဲ့သို့ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့သော ဗျူဟာစခန်းများ၊ အထိုင်ချစခန်းများနှင့် လက်နက်ကြီးစခန်းများအပါအဝင် အားလုံးသော စခန်း သိမ်းတိုက်ပွဲတိုင်းသည် လွယ်လင့်တကူ အသာတကြည်ရရှိခဲ့သော စခန်းများတစ်ခုမှမရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခစစ်သည်တော်များ၏ ထိုက်သင့်သောပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားသော စစ်သည်တော်များ၏ သတ္တိပြောင်မြောက် စွာတိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု နှင့် ရန်သူ၏အားနည်းချက်ကို အမိအရဖမ်းဆုပ်ရယူနိုင်မှုများဖြင့် ရယူခဲ့သောစခန်းများဖြစ်ကြောင်း တခြားတစ်ဖက်တွင် လည်း ဆက်စပ်တိုက်ပွဲများ၊ ဟန်ချက်ညီတိုက်ပွဲများဖြင့် စစ်ကောင်စီ၏စခန်းများကို တစ်ခုပြီးတစ်ခု ဗျူဟာကျစွာဖြင့် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရက္ခိုင်ပြည်မြောက်ပိုင်း၏ အရေးပါသောမြို့ကြီးများအား စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ စစ်ကောင်စီ၏အရေးကြီးပြီး အဓိကကျသော ဗျူဟာကုန်း၊ အထိုင်ချစခန်းကုန်းများနှင့် ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများ ကို ရက္ခိုင့်တပ်တော်မှလည်း ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၄ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။














More Stories
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ကွက်တွေ အများကြီးရှိတဲ့ ရက္ခိုင်ပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး လမ်းပွင့်ခဲ့ပြီလား