ဇန်နဝါရီ ၁၃၊ VOR
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ခင်ဦးနယ် အနောက်ခြမ်းတွင် ၃ရက်တာ ခြေလျင်စစ်ကြောင်းထိုးခဲ့သော အင်အား(၈၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းမှ ကျေးရွာများအတွင်း အကြမ်းဖက် ဝင်ရောက်ပြီး ဒေသခံ(၄)ဦး ကို သတ်ဖြတ်သွားခဲ့ကာ နေအိမ် ၁၀လုံးမီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ကြောင်းမှ တဲစုရွာ နှင့် ပျဥ်ထောင်ပျူစောထီးရွာတို့မှ ယမန်နေ့ မနက်ခင်းပိုင်း တွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်၍ ရေဦးမြို့ပေါ် ပြန်အဆုတ်တွင် မြင်းကျရွာ၊ကျွန်းတောကြီးရွာ၊ ကားဆိပ်ကျေးရွာတို့ကို အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး ဒေသခံ(၄)ဦး ကို သတ်ဖြတ်သွားခဲ့ကာ အသက်(၆၀)ကျော် ဒုက္ခိတ အဖိုးအိုကိုလည်း ခြေထောက်တစ်ဖက် ကို သေနတ်ဖြင့် တေ့ပစ်သွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်တပ်သားများ မြင်းကျ ကျေးရွာမှ ထွက်လာစဥ် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ၄၅မိနစ်ခန့် ကြာ ထိတွေ့မှုဖြစ်ခဲ့ပြီး သေဆုံး ထိခိုက်ခိုက်မှုများသောကြောင့် မူးမြစ်အနောက်ဘက် ၃မိုင်အကွာ ရေဦးမြို့ တိုင်းရင်းဆေးရုံမှ အထိုင်ချ စစ်ကောင်စီတပ်သားများမှ ထိတွေ့မှု ဖြစ်သည့် ပတ်ဝန်းကျင် ကို ၈၀မမ အလုံးရေ(၂၀)ထက်မနည်း ရမ်းသမ်းပစ်ကူ ပေးခဲ့ကြောင်းသိရသည်။
ထိတွေ့အမှုအပြီး တွင် မြင်းကျ ကျေးရွာမှ အဖိုးအို(၂)ဦးဖြစ်သော ဦးလှဝင်း(၆၅နှစ်-ရင်ဘတ် သေနတ်၃ချက်ပစ်သတ်ခံရ)၊ ဦးမြင့်ဆွေ(၆၃နှစ်-လည်ပင်း ဓါးဖြင့်လှီးသတ်) တို့ကို သတ်ပစ်ထားခဲ့ပြီး ကျွန်းတောကြီးရွာအရောက်တွင်လည်း သေဆုံး စစ်ကောင်စီတပ်သားများအား ပြည်သူပိုင်နေအိမ်များအတွင်း အလောင်းဖျောက် မီးရှို့ဖျက်ဆီးခဲ့ကြသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။
အိမ်ခြေ-(၁၅၀)ဝန်းကျင်ရှိ ကျွန်းတောကြီးကျေးရွာ အတွင်း အကြမ်းဖက်ဝင်ရောက်စဥ် ကိုယ်ဝန်(၅)လရှိသည့် ကိုယ်ဝန်သည်မိခင် မရင်ရင်သွေး(၃၉နှစ်)ကိုလည်း ဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်သတ်ခဲ့သလို နေအိမ်(၁၀)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
အလားတူ သက်သာပန်းတောင်းရွာ(ကားဆိပ်ရွာ)မှ ဒေါ်ရင်မိုး(၄၄နှစ်)ကိုလည်း ညာရင်ဘက်ကို သေနတ်ဖြင့် တေ့ပစ်သတ်ခဲ့ပြီး တစ်ရွာတည်းနေ ဒုက္ခိတ ဦးရှမ်းကြီးကိုလည်း ခြေထောက်တစ်ဖက်ကို သေနတ်ဖြင့် တေ့ပစ်သွားခဲ့ကြသည်ဟု သိရသည်။
အဆိုပါ အကြမ်းဖက်တပ်သားများသည် ကားဆိပ်ရွာမှ ညနေ(၂)ခန့်တွင် ကျေးရွာအနောက် မူးမြစ်ကို ဖြတ်ကူးကာ ရေဦးမြို့ပေါ် ထမ်းစဥ်များဖြင့် ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၃ရက်နေ့ကလည်း ရေဦးနယ်ဘက်မှ အင်အား(၁၀၀)ခန့်ပါ အကြမ်းဖက်စကစ တပ်သားများသည် ခင်ဦးနယ် အနောက်ခြမ်းကျေးရွာများသို့ ခြေလျင်စစ်ကြောင်း ထိုးလာပြီး ပြည်သူ ၃၀ဦးခန့်ကို ဖမ်းဆီးခဲ့သေးသည်။







More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်