မေ ၆၊ VOR
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ Mi17 ရဟတ်ယာဉ် ၁ စီးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ မနက် ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည် ဖားဆောင်းမြို့နယ်ကို စစ်ကူလာတဲ့ အဆို ပါလေယာဉ်ကို ဘောလခဲမြို့နယ်အနီးမှာ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF)ဗျူဟာ(၁)က ရဲဘော်တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဖားဆောင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် လက်နက် ရက္ခာနဲ့ စစ်ကူပေးဖို့ ရောက်ရှိလာတာဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာ ၁၁ရက် က ၁၁၁၁ စစ်ဆင်ရေးစတင်ပြီး သုံးရက်အကြာမှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စီးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့ပြီးနောက် တိုက်လေယာဥ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဇွန်လ ၃၀ရက်မှာလည်း စစ်ကောင်စီရဲ့ K-8W တိုက်လေယာဥ်တစ်စီးကို ကရင်နီပြည်နယ် ဘောလခဲမြို့နယ် မှာ ပစ်ချနိုင်ခဲ့ပြီး တိုက်လေယာဥ်မှူး ဗိုလ်ကြီး သော်ဇင်နှင့် ဗိုလ်အောင်ကျော်ဖြိုးသေဆုံးခဲ့ပါတယ်။
နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် စုစုပေါင်း ၈စီးရှိလာပြီဖြစ်ပါတယ်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်