Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
June 24, 2026

မွန်ပြည်သစ်ပါတီ( NMSP - AD) မုဒုံမှာ တိုက်ပွဲစတင်ဖော်ဆောင်

မွန်ပြည်သစ်ပါတီ( NMSP – AD) မုဒုံမှာ တိုက်ပွဲစတင်ဖော်ဆောင်

မတ် ၁၆၊ VOR

စစ်ကောင်စီကို တော်လှန်တော့မယ်လို့ အာဏာသိမ်းပြီးသုံးနှစ်အကြာမှာ ခွဲထွက်ပေါ်ပေါက်လာတဲ့ မွန်ပြည်သစ်ပါတီ NMSP – AD ဟာ ကြေငြာချက်တွေနဲ့ပဲ ပွဲထွက်လာပြီး အခုတော့ တိုက်ပွဲကိုစတင်‌ဖော်ဆောင်လိုက်ပါပြီ။

မတ်လ ၁၄ ရက်နေ့ ညနေ (၆)နာရီခန့်မှာ မုဒုံမြို့နယ် ကမာဝက်နယ်မြေရဲစခန်းမှူး မင်းဌေးမောင်မောင် စီးလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို NMSP-AD က ဒီကနေ့ မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သံဖြူဇရပ်ကနေ မုဒုံဘက်ကို မောင်းလာတဲ့ ကမာဝက်နယ်မြေရဲစခန်းမှူးကားကို ကွမ်လှာရွာနဲ့ ရောင်းဒေါင်းရွာအကြားမှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်တာပါ။ တိုက်ခိုက်ခံရတဲ့အထဲမှာ သံဖြူဇရပ်မြို့ စရဖကားလဲ ပါဝင်ပြီး ကားပေါ်ပါသူတွေကတော့ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။

မွန်တော်လှန်တပ်တွေဟာ ယင်းတိုက်ခိုက်မှုအပြီးမှာတော့ MA-1 သေနတ်တစ်လက်နဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိပြီး ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အခုတိုက်ပွဲမတိုင်ခင် မနက်ပိုင်း ၁၀ နာရီခွဲမှာလည်း ကျိုက်မရောမြို့နယ် ကြံခင်းကျေးရွာအနီးက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

အခုလိုတိုက်ပွဲမဖြစ်ပွားခင်မှာ စစ်ကောင်စီ ရဲ့ စစ်မှု ထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ပြောခွင့်ရ နိုင်ဗညားမွန်ကလည်း သတိပေးခဲ့ပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ဟာ ၄င်းတို့ထက် ဆောလျင်စွာ စစ်ကောင်စီကို အနိုင်ပိုင်းထားနိုင်ပြီဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံမှာလည်း စစ်ပညာသင်ယူပြီး သင်တန်းဆင်းလာတဲ့ ရုပ်သံတွေကို ထုန်လွှင့်ခဲ့တာတွေ့ရသလို စစ်မှုထမ်းဉပဒေကိုဆန့်ကျင်မယ့် မွန်လူငယ်များကိုလည်း လက်ခံကြိုဆိုနေပြီး စဉ်ဆက်မပြတ် အင်အားဖြည့်တင်းနေကြပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးကို ဉီးဆောင်သူများကတော့ ဗိုလ်ချုပ် ဂျုတ်ယဲ ၊ ဗိုလ်မှူးချုပ် စလွန်းထော စတဲ့ဝါရင့်စစ်ဗိုလ်ချုပ်ကြီးများဖြစ်ကြပြီး ၄င်းတို့တပ်ဖွဲ့ဟာ ဒေသခံအခြားသော မွန်တော်လှန်တပ်များနှင့်လည်း ပူးပေါင်းချိတ်ဆက်လှုပ်ရှားမှုတွေလည်း ရှိနေတာဖြစ်လို့ မကြာခင်မှာ မွန်ဒေသတွင်း တော်လှန်ခြင်းအောင်ပွဲများ ဆက်လက်ဖော်ဆောင်သွားနိုင်တော့မယ်လို့ မျှော်လင့်မိကြောင်းပါခင်ဗျား။

You may have missed