မတ် ၁၀၊ VOR
ကုလသမဂ္ဂ Palais de nations အတွင်း နိုင်ငံတကာ သံတမန်များနှင့် သံအရာရှိများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းက မတ်လ (၈) ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ တင်ပြချက်နှင့် နိုင်ငံတကာကို တောင်းဆိုချက်များအကြောင်း ရှင်းလင်းပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။
သံတမန်ရှင်းလင်းပွဲကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းစုမွန်အောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးဂျာဘေတ်အာလောမ်တို့ ပါဝင်တက်ရောက်ခဲ့ပြီး Luxembourg နိုင်ငံသံရုံးနှင့် International IDEA တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဒီရှင်းလင်းပွဲတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှု အခြေအနေများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် နယ်မြေစိုးမိုးရရှိထားမှုအခြေအနေများ၊ အရပ်သားအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုများကို NUG ဝန်ကြီးက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီကို လက်နက်၊ ငွေကြေးထောက်ပံ့မှုများ ပူးပေါင်းပစ်မှတ်ထားပိတ်ဆို့အရေးယူရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတို့ကို ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုက်ရိုက်ပေးအပ်ရန်၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တောင်းဆိုချက်များကို လိုက်နာလာစေရေး ဆက်လက် ကြိုးပမ်းလုပ်ဆောင်ရဣ်၊ အကြမ်းဖက်စစ်ကောင်စီက တရားဝင်မှုရရှိအောင် ကြိုးပမ်းနေမှုများအားလုံးကို လက်မခံရန်နှင့် ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးကို ယခုထက်ပိုမို လုပ်ဆောင်ရေး ဝိုင်းဝန်ဖိအားပေးရန် စသည့်အချက်များကို NUG ဝန်ကြီးက တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် NUG ဝန်ကြီးက လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုများ ဖော်ဆောင်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေကြံဆလုပ်ဆောင်ရန်၊ အထွေထွေအတွင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသည့် ကုလသမဂ္ဂအေဂျင်စီများ၏ လုပ်ဆောင်နေမှုအစီရင်ခံစာတခုကို ပြင်ဆင်ရေးသားနိုင်ရေး တောင်းဆိုရန်တို့ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။





More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ