ဖေဖော်ဝါရီ ၂၂၊ VOR
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် မြန်မာလူငယ်များကို ကူညီပေးရန်နှင့် အလုပ်လုပ်ခွင့်ပေးရန် FAIR ပါတီလွှတ်တော်အမတ် Kannavee Suebsang က ထိုင်းအစိုးရကို တောင်းဆိုလိုက်ကြောင်း Bankok Post သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ အလုံးအရင်း ဝင်ရောက်လာခြင်းသည် တရားမဝင် ဥပဒေ ချိုးဖောက် ဝင်ရောက်ရန်ထက် သေဘေးမှ တိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း၊ စစ်မြေပြင်ကို အတင်းအကျပ် တွန်းပို့ခံရပြီး ကိုယ်တိုင် သေမလား၊ သူတပါးကို သတ်ဖြတ်ရမလား ဆိုသည်ကို ရွေးချယ်ရမည့် ကိစ္စမှ ရှောင်တိမ်းလာကြခြင်းသာ ဖြစ်ကြောင်း သူက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် Srettha Thavisinက တရားမဝင်ဝင်ရောက်လာသည့် မြန်မာလူငယ်များကို အရေးယူမည်ဟု ပြောကြားခဲ့ပြီး မကြာခင်တွင် Kannavee Suebsang က ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။
နှစ်ဖက် ညှိနှိုင်းသဘောတူညီမှု ရယူပြီးနောက် မြန်မာစစ်တပ်ဘက်မှ ထိုင်းနိုင်ငံကို လုပ်သားများ တင်ပို့မှု ယာယီ ရပ်တန့်ထားကြောင်း၊ မူလက မြန်မာနိုင်ငံသား ၇၀၀၊ ၈၀၀ ခန့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းကို အလုပ်အကိုင်အတွက် လာရောက်နေကြကြောင်း၊ ရွှေ့ပြောင်း လုပ်သားများ ထိုင်းသို့ လာရောက်မှု ဆိုင်းငံ့ခြင်းသည် မြန်မာဖက်မှ နိုင်ငံရေး အခြေအနေများနှင့် မည်သို့ ဆက်နွှယ်သည်ကို အတိအကျ မပြောနိုင်သော်လည်း ထိုင်းသို့ ရောက်လာပြီးသူများကို အစိုးရက အတင်းအကျပ် ပြန်ပို့မည်ဆိုလျင် စိုးရိမ်စရာ ကိစ္စလို့ သတ်မှတ်သင့်ကြောင်း ကန်နာဗီက မှတ်ချက်ပြု ပြောဆိုသည်။
လုပ်သား တင်ပို့မှု ဆိုင်းငံ့ထားချိန်တွင် ယခုလို စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးလာသည့် တရားမဝင် ခိုလှုံသူများကို အလုပ်အကိုင်များ ဖန်တီးပေးမည်ဆိုလျင် လူသားချင်း စာနာမှု ရှုထောင့်အရ အကျိုးရှိသလို လုပ်သား ပြတ်လပ်မှု ပြဿနာကိုလည်း ကုစား ဖြေရှင်းနိုင်မည်ဟု Kannavee Suebsang က အကြံပြုပြောခဲ့သည်။
ဖေဖော်ဝါရီ ၁၀ရက်နေ့က စစ်ကောင်စီချမှတ်လိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်များသည် ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်နိုင်ရန်ကြိုးပမ်းနေကြပြီး ထိုင်းဝန်ကြီးချုပ်က နယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်ထားကြောင်း ကြေငြာခဲ့ကာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာလူငယ်များ နေ့စဉ်ဖမ်းဆီးခံရမှုများလည်းရှိနေသည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်