ဖေဖော်ဝါရီ ၂၁၊ VOR
စစ်ကောင်စီက နာဂတော်လှန်ရေးအဖွဲ့ဖြစ်သော NSCN-AM အဖွဲ့ကို ပြည်သူ့စစ်အသွင်ပြောင်းရန် ညှိနှိုင်းခဲ့မှုအပေါ် ကူညီခဲ့သည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌနှင့် ဒုဥက္ကဌတို့ကို နာဂပြည်သူ့ကာကွယ်ရေးတပ် NPDFက သတိပေးလိုက်သည့် စာတစ်စောင် ထွက်ပေါ်လာသည်။
စစ်ကောင်စီသည် နာဂတော်လှန်ရေးအဖွဲ့ဖြစ်သော NSCN-AM အဖွဲ့အား ပြည်သူ့စစ်အသွင်ပြောင်းရန် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌနှင့် ဒုဥက္ကဌတို့၏အကူအညီဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂၇ရက်တွင် ခန်းတီးမြို့၌ တွေ့ဆုံခဲ့ကြသည်ကို သိရရှိရသည်ဟု NPDF က ဆိုသည်။
နာဂတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ညှိနှိုင်းမှုကို လက်မခံသင့်ကြောင်း၊ စစ်ကောင်စီ၏သွေးခွဲရန်တိုက်ပေးမှုကြောင့် နာဂလူမျိုးအချင်းချင်း သွေးထွက်သံယိုဖြစ်ပွားမှုကို ရှောင်ရှားလိုကြောင်း သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီသည် စစ်ကောင်စီနှင့် အလိုတူအလိုပါ ပူးပေါင်းနေခြင်းသည် နာဂအမျိုးသားတို့အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ရှိလာမည်မဟုတ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်ပေါ်လာစေမည်ဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို NPDF အနေဖြင့် ဖြတ်တောက်ခြင်းများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌနှင့် ဒုဥက္ကဌသည် မိမိတို့လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သတ်၍ ဤစာထုတ်ပြန်သည့် နေ့မှစ၍ ၁၅ရက်အတွင်း ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ထိုသို့ဖြေရှင်းချက်မပေးပါက စစ်ကောင်စီနှင့် တစ်သားထဲထားပြီး အရေးယူဆောင်ရွက်သွားမည်ဟု NPDF က အသိပေးထားသည်။
နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -NAGA PEOPLE’S DEFENCE FORCE-NPDF သည် စစ်အာဏာရှင်ကျဆုံးရေး၊ အမျိုးသားတန်းတူရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ လက်အောက်ရှိ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain Of Command) အောက်တွင်ရှိသည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်