ဖေဖော်ဝါရီ ၁၇၊ VOR
ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်း စခန်းအား ကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က သတင်းထုတ်ပြန်သည်။
၎င်းစခန်းကို ယမန်နေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်၊ နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ချိန် ၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၆) နာရီခန့်အချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးအမြောက်အမြား ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၁၂) ဦးသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
AA၏ထိုးစစ်တိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ သည် နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနဦးသတင်းအရ စစ်ကောင်စီဘက်မှ မျက်မြင် သေဆုံး (၄) ဦး နှင့် ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိခဲ့သည်ဟု ဆိုသည်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြင့် သာဆက်လက်ရှိနေခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ဖော်ပြထားသည်။


More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ