Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 29, 2026

MNDAA၏ စစ်အုပ်စုအောက် အလုံးစုံလွတ်မြောက်သည့်အောင်ပွဲသို့ ကျန်ညီနောင် ၂ဖွဲ့၏ခေါင်းဆောင်များ တက်ရောက်ချီးမြှင့်

MNDAA၏ စစ်အုပ်စုအောက် အလုံးစုံလွတ်မြောက်သည့်အောင်ပွဲသို့ ကျန်ညီနောင် ၂ဖွဲ့၏ခေါင်းဆောင်များ တက်ရောက်ချီးမြှင့်

ဖေဖော်ဝါရီ ၁၁၊ VOR

ညီနောင်မဟာမိတ် ၃ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ကိုးကန့်တပ် MNDAA၏ စစ်အုပ်စုအောက် အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့ ကျန်ညီနောင် ၂ဖွဲ့ ခေါင်းဆောင်များဖြစ်ကြသည့် TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့တက်ရောက်ခဲ့ကြကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတမှုပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNTJP/MNDAA ၏ ဦးဆောင်တိုက်ပွဲဝင်မှုနှင့်အတူ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလာင်းနှင့် ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုအခမ်းအနားအား ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး တရုတ်နှစ်သစ်ကူးပွဲတော်နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တို့ရဲ့ အိမ်ပြန်ခရီးနှင့်အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို့ တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီ”ဟု PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုးကန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲကာလတွင် PSLF/TNLA တပ်ဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်နှင့် ဝန်းရံတိုက်ပွဲဝင်နိုင်ခြင်းသည် မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖို့ရန် မလျှော့သောဇွဲ၊ ပျက်ပျယ်ခြင်းမရှိသည့် ခံယူချက်၊ ယုံကြည်ချက်ဖြင့် မဟာမိတ်အကြား နားလည်မှုရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

ထိုအခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယ ဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလန်း၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားမိုးဟိန်းနှင့် အရာရှိအရာခံ (၃၀)ကျော် တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇စစ်ဆင်ရေးကြီး ၂လကျော်အကြာ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၅ရက်နေ့တွင် လောက်ကိုင်ရှိ တပ်စခန်းများမှ တပ်မမှူးများနှင့် လူ ၄ထောင်ကျော် လက်နက်ချမှုကြီးပေါက်ပေါက်ခဲ့ပြီး ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ကြေညာခဲ့သည်။

MNDAA၏ စစ်အုပ်စုအောက် အလုံးစုံလွတ်မြောက်သည့်အောင်ပွဲသို့ ကျန်ညီနောင် ၂ဖွဲ့၏ခေါင်းဆောင်များ တက်ရောက်ချီးမြှင့်

You may have missed