Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
May 13, 2025

တိုက်ပွဲသတင်းများစုစည်းမှု(30.10.2024)

အမ်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အမ်းလေဆိပ်ကို ရခိုင့်တပ်တော်ဘက်က တရစပ်ပစ်ခတ် ပိတ်ဆို့ထားနိုင်လို့ စစ်ကောင်စီဟာ မကွေးလေဆိပ်နှင့် ပုသိမ်လေဆိပ်ကိုသာ အဓိက အသုံးပြုနေရကြောင်းလည်း သိရပါတယ်။ စစ်ကောင်စီအနေနဲ့ အမ်းမြို့မှာရှိတဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်ကြီးတခု မကျသွားဖို့အရေး အသဲအသန်ခုခံနေဆဲ ဖြစ်သလို အမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဆိုတဲ့သတင်းတွေလည်း လူမှုကွန်ရက်ပေါ်မှာ မကြာခဏ ပေါ်ထွက်လာနေပြီး ပြည်သူတွေဟာ နပခ ဌာနချုပ်ကျမယ့်ရက်ကို စိတ်စောနေကြတာမျိုးပါ။ လေကြောင်းပစ်ကူကို အဓိကထားပြီးခုခံနေရာမှာ တရက်မှာ အနည်းဆုံး သုံးလေးစီးလောက် လာဝဲတာမြင်ရကြောင်း၊ လေဆိပ်ကိုဆင်းမရလို့ စစ်အင်အားကိုလည်း ရဟတ်ယာဉ်နဲ့သာပို့နေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ရခိုင့်တပ်တော်ဘက်တော့ အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်း တို့ကနေ ပိတ်ဆို့ပြီး စစ်ကောင်စီတပ်ရင်းတပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်နေကြပါတယ်။ အရေးပါတဲ့ဗျူဟာစခန်းတွေကို ရခိုင့်တပ်တော်က သိမ်းနိုင်ခဲ့ပြီးနောက်မှာ အခုဆိုရင် အမြောက်တပ်၊ BE တပ်နှင့် နပခ ဌာနချုပ်စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြတာပါ။အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မကြာခင် သိမ်းပိုက်နိုင်တော့မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်လာနေပါသည်။

တောင်ပိုင်းစစ်ဒေသမှာ KNLA – PDF တပ်တွေက ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ စခန်းကြီးတခုကို သိမ်းပိုက်လိုက်ကြပါတယ်။ သိမ်းနိုင်ခဲ့တဲ့စခန်းဟာ အင်အား ၁၂၀ ခန့်ရှိတဲ့ စခန်းဖြစ်ပြီး စစ်ကောင်စီတပ်များဘက်က သေဆုံး/ထွက်ပြေးသူ အမြောက်အမြားနဲ့အတူ လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့ကြပါပြီ။ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်က စခန်းသိမ်းတိုက်ပွဲနဲ့ပက်သက်ပြီး “ခေါပုတ်စခန်းကိုမနေ့က ရခဲ့ကြောင်း၊ ဒီနေ့တက်ရှင်းတော့ လက်နက်ခဲယမ်းတွေအများကြီးရလိုက်ကြောင်းနဲ့ ရန်သူများကိုတော့ ကျတဲ့သူတွေရော ထွက်ပြေးသူတွေရော ဖမ်းမိသူတွေရောရှိတဲ့အကြောင်း ” ဒေသခံတဦးက ပြောပြပါတယ်။ တပ်မဟာ ၅ နယ်မြေတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဓိကကျတဲ့ ဖာပွန်ဗျူဟာကို သိမ်းနိုင်ရင် ဖာပွန်မြို့နယ်ကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှာ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာမှာ ရန်သူ ၁၀ ဦးခန့်သေဆုံးသွားတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ၅ နာရီခန့်မှာ အဲဒီစစ်ကြောင်းဟာ PDF ဝတ်စုံတွေဟန်ဆောင်ဝတ်ကာ စစ်ဘေးရှောင်အိမ်တွေကို စီးနင်းခဲ့ကြပါတယ်။ ဒီးဒုတ်ကွင်းမှာရှိတဲ့ စစ်ဘေးရှောင်အိမ် ၇ လုံးနဲ့ဆေးခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အရပ်သားနှစ်ဦးကိုလည်း သတ်ဖြတ်သွားကြပါတယ်။ သံဃာတပါး ကို လူဝတ်လဲစေကာ စစ်ဘေးရှောင်ပြည်သူ ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ပြည်သူပိုင်ကားတွေ နဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း အဓ္ဓမယူဆောင်သွားတယ်လို့ သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ ၁၂၊ ၁၈ တို့ပါတဲ့ တော်လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ။ လေကြောင်းပစ်ကူတောင်းခဲ့ပေမယ့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၁ဝ ဦး သေဆုံးသွားတာ မျက်မြင်တွေခဲ့ရပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့လည်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်အုပ်စုထံကနေ MA- 3 တလက်၊ G-3 တလက်၊ AK တလက်၊ ကာဘိုင်တလက်နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။ အောင်မြင်မှုနဲ့အတူ မိမိတို့ဘက်မှပေါက် ပကဖ က ရဲဘော်တဦး၊ ပခုက္ကူခရိုင် တပ်ရင်း ၁၂ က ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအထိနာပြီးနောက် သင်္ခရိုင်ရွာက မိဘမဲ့ ပရဟိတကျောင်းကို စစ်ကောင်စီတပ်က ဝင်စီးနင်းပြီး ပြည်သူ ၄၀ ဦးခန့်ကိုလည်း ဖမ်းဆီးသွားပါတယ်။ ကြို့ပင်ကောက်မြို့နယ်ကို စစ်ကောင်စီစစ်ကြောင်းထိုးရာမှ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဒေသခံတော်လှန်တပ်ဖွဲ့များနဲ့ တိုက်ပွဲဖြစ်ပြီးရန်သူဘက်မှ ၇ ဦးသေဆုံးသွားကြောင်း သာယာဝတီခရိုင် ပီဒီအက်ဖ်မှ သတင်းထုန်ပြန်ထားပါတယ်။ နံနက် ၁ဝ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများသည် သင်္ခရိုင်ကျေးရွာ အနီးကို ရောက်ရှိလာစဉ် ဒေသတွင်း PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။ တိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျား တပ်ဖွဲ့ ၊ တပ်ရင်း ၃၈ဝ၁ တပ်ခွဲ (၃) နတ်စစ်သည် တပ်ဖွဲ့ ၊ BTZM, GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီဟာ သင်္ခရိုင်ရွာက မိဘမဲ့ ပရဟိတကျောင်းကို ဝင်စီးပြီး ပြည်သူ စုစုပေါင်းလေးဆယ်ခန့်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အဆိုပါကျောင်းမှာ ကိုးတန်း ဆယ်တန်းအရွယ် ကျောင်းသားကြီးများနဲ့ ကျောင်းမှာလုပ်အားပေးနေတဲ့ အမျိုးသမီးဆယ်ဦးခန့်ကို ဖမ်းထားကြောင်း သိရပါတယ်အောက်တိုဘာ ၂၄ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေပြီး ခုချိန်မှာတော့ သင်္ခရိုင်က ပရဟိတကျောင်းမှာ လူတွေကိုဖမ်းထားပြီး တပ်စွဲထားတယ်လို့လည်း သိရပါသည်။

You may have missed