” သူတို့အလိုကျ ခရိုနီတွေတောင်ဖမ်းနေတာ အစောဆုံးပုန်ကန်တဲ့ Cတွေကို ပြန်ခေါ်နေတယ်ဆိုတာ လှည့်ကွက်တစ်ခုခုဖြစ်နိုင်တယ် ပြန်ဖမ်းဖို့လဲဖြစ်နိုင်သလို ၂ကျပ်ကွက်နင်းတာက သူတို့အကျင့်လေ သူတို့ဘက်က တစ်ခုခု အကျပ်အတည်းရောက်လာတိုင်း လူစိတ်ဝင်စားမဲ့သတင်းမျိုး လွှင့်တတ်တယ်ဗျ”
CDM အရာရှိတစ်ဦး
ဇူလိုင် ၁၃၊ VOR
လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) ကပယ်ဖျက်ပေးမှာဖြစ်ပြီး လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ဇူလိုင်လ ၁၂ ရက်နေ့ ညမှာ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။
Black Lists စာရင်း ထည့်သွင်းခံထားရတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် စွန့်ခွာရတဲ့ အကြောင်းအရာပေါ် မူတည်ပြီး အမည်မည်းစာရင်းကနေ ပယ်ဖျက်ဖြေလျှော့ပေးမှာဖြစ်ပြီး ဇူလိုင်လ ၁၅ရက်နေ့ ကစလို့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီ ကကြေညာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အငြိမ်းစားစစ်မှုထမ်းတွေအပါအဝင် နိုင်ငံဝန်ထမ်း တွေကိုပါ စစ်မှုထမ်းဖို့ အသီးသီးအမိန့်ထုတ်ပြန်ခဲ့တာကြောင့် အခုလို ကြေညာလာတာဟာ စစ်မှုထမ်း အသုံးချဖို့သာဖြစ်တယ်လို့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“အခုဆို ၁၀၂၇ စစ်ဆင်ရေးက မန္တလေးတိုင်းထိဆင်းနေပြီလေဗျာ ရခိုင်မှာလဲ အောင်ပွဲတွေဆက်နေတာ စစ်အင်အားပြုန်းနေပြီ အဲ့တော့ ဝန်ထမ်းတွေကို အမည်ပျက်စာရင်းရှိထားတော့ အပြစ်အနေနဲ့ ဦးစားပေးစစ်မှုထမ်းထဲထည့်နိုင်တယ် ဒါမှလဲ Non-CDM တွေက အသံမထွက်မှာပေါ့ဗျာ”လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။”
စစ်ကောင်စီရဲ့ကြေညာချက်မှာ CDM ဝန်ထမ်းလို့ မသုံးနှုန်းထားတာဟာ အကြမ်မဖက်အာဏာဖီဆန်တဲ့စကားလုံးကို ကြောက်လို့ဖြစ်ပြီး CDM နိုင်ငံဝန်ထမ်းများသာမက အခြားရဲနဲ့စစ်သား ပျက်ကွက်နေသူတွေလည်းရှိနေတာကြောင့် ပစ်ဒဏ်အလိုက် သတ်မှတ်ကာ အရေးယူပြီး စစ်မှုထမ်းစာရင်းထည့်နိုင်တယ်လို့ ၎င်းကဆိုပါတယ်။
“CDM တွေက အဆုံးထိသွားမယ်လူတွေ သူတို့တွေမသိဘဲနေမလားဗျာ အခြားပျက်ကွက်တွေကို ချော့ခေါ်နေတာလဲဖြစ်နိုင်တယ် ရှေ့တန်းမှာ စာရင်းပျောက်နေသူတွေလဲ တပုံကြီးလေ CDM ဆိုတာနဲ့ အပြစ်ကလျော့ပေါ့နိုင်မယ်မထင်ဘူး အခုဆို ပြည်ပထွက်ခွင့်တောင်မရ စားရင်းတွေနဲ့ အကုန်သူတို့ပိတ်ဆို့ထားတာ CDM တွေကတော့ ဘယ်လိုမှ ပြစ်ဒဏ်မလျော့နိုင်ဘူး တခြားပျက်ကွက်တွေ ပြန်လာခဲ့ရင်လဲ စစ်မှုထမ်းပဲထည့်နိုင်တယ်”လို့ ၎င်းကဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင်များ၊ ဆန်/ဆီလုပ်ငန်းရှင်များ ဘဏ်လုပ်ငန်းရှင်များအပါအဝင် စစ်ကောင်စီတပ်က ဗိုလ်ချုပ်အဆင့်အထိ အရေးယူဖမ်းဆီးမှုတွေ လုပ်ဆောင်နေချိန် ၎င်းတို့ဘက်က အခုလိုထုတ်ပြန်မှုဟာ ယုံနိုင်စရာမရှိဘဲ နိုင်ငံရေးလှည့်ကွက်သာဖြစ်နိုင်တယ်လို့ CDM အရာရှိတစ်ဦးက ပြောပါတယ်။
” သူတို့အလိုကျ ခရိုနီတွေတောင်ဖမ်းနေတာ အစောဆုံးပုန်ကန်တဲ့ Cတွေကို ပြန်ခေါ်နေတယ်ဆိုတာ လှည့်ကွက်တစ်ခုခုဖြစ်နိုင်တယ် ပြန်ဖမ်းဖို့လဲဖြစ်နိုင်သလို ၂ကျပ်ကွက်နင်းတာက သူတို့အကျင့်လေ သူတို့ဘက်က တစ်ခုခု အကျပ်အတည်းရောက်လာတိုင်း လူစိတ်ဝင်စားမဲ့သတင်းမျိုး လွှင့်တတ်တယ်ဗျ”လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်း ၃နှစ်ကျော်ကာလအတွင်း Black List စာရင်းသွင်းခံရတဲ့ ဝန်ထမ်းတွေကို ပြန်ခေါ်တာ ၃ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်