ဧပြီလ ၂၄၊ VOR
ကရင်ပြည်နယ် မြဝတီမြို့စောင့်တပ် ၂၇၅ တပ်ရင်းကို BGF တစ်ဖြစ်လဲ KNA စောချစ်သူ အကူအညီဖြင့် စစ်ကောင်စီက ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရယူခဲ့ပြီဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီဘက်ကဒီနေ့ဘဲပြန်ထိုင်တယ် KNA စောချစ်သူက ၂၇၅ နေရာကို သူတို့တပ်ထိုင်မယ်ဆိုပြီး KNU ကိုပြောထားတယ်လို့သိရတယ်။ အခုကသူတို့မထိုင်ဘဲ စစ်ကောင်စီတပ်ဖွဲ့ကိုပြန်ပေးထိုင်လိုက်တယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Salweenpress သတင်းဌာနကို ပြောဆိုထားသည်။
အဆိုပါ ခလရ ၂၇၅ ကို ပြီးခဲ့သည့် မတ်လတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၎င်းတပ်ရင်းမှ စစ်ကောင်စီတပ်သားများ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးသို့ ထွက်ပြေးသွားသဖြင့် ခလရ ၂၇၅တပ်ရင်းကို KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားခြင်းဖြစ်သည်။
မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားအနီး ပုန်းအောင်းနေသည့် ခလရ ၂၇၅ တပ်ရင်းမှ စစ်အင်အား ၁၅၀ကျော်ကို KNLA၊PDFမဟာမိတ် ပူးပေါင်းအဖွဲ့တို့မှ ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့က ဝင်ရောက်တိုက် ခိုက်ခဲ့သည်။
စစ်ကောင်စီဘက်မှ မြဝတီမြို့ကို ပြန်လည်ရရှိရေး အောင်ဇေယျအမည်ဖြင့် စစ်အင်အားအများအပြားသုံးကာ ချီတက်လာသဖြင့် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကားနှင့် လက်နက်ခဲယမ်းများရရှိခဲ့သလို အဆိုပါစစ်ကြောင်းကို တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော် အချို့ အသက်ပေးလှူခဲ့ရသည်။
ထို့ပြင် စစ်ကောင်စီက မြဝတီမြို့နှင့် အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲခြင်း စက်သေနတ်များပစ်ခတ်ခြင်းတို့ဖြင့် ပြင်းပြင်းထန်ထန် ခုခံခဲ့သဖြင့် ပြည်သူ ၃ထောင်ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေးစစ်ဘေးရှောင်ခဲ့ရသည်။
မကြာသေးမီက လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့သည့် မိခင်နှင့် တွေ့ဆုံပြီးရက်ပိုင်းအတွင်းကျဆုံးခဲ့ရသည့် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်နေမင်းမိုးသည် မြဝတီမြို့တိုက်ပွဲတွင် ဧပြီ ၂၀ရက်က ကျဆုံးခဲ့သည်။
ခလရ ၂၇၅ စစ်ကောင်စီလက်ပြန်အပ်လိုက်ရသည့်အပေါ် ပြည်သူများက ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းကြေကွဲနေကြပြီး ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ