ဧပြီ ၄၊ VOR
ရက္ခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ မြေပုံ များရှိ စစ်ကောင်စီတပ်စခန်းများကို AA ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ သတင်းထုတ်ပြန်သည်။
ယခုရက်များအတွင်း၌ ရက္ခိုင့်တပ်တော်မှ အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ ၏ စခန်းများမှာ ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ဖြစ်ကြောင်း သိရသည်။
ဤစခန်းကြီးများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အခြားသော စခန်း ငယ်များကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော် သည် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ (၅၆၄) တပ်ရင်းဌာနချုပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထို့အတူ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊စညှင်းကျေးရွာအရှေ့ဖက်မီတာ(၁၅၀၀)ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့်(၂၅၇)စခန်း အား၂၀၂၄ ခုနှစ်၊ ဧပြီလ(၂) ရက်၊ နံနက်(၆) နာရီ (၂၀)မိနစ် မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ဒုတိယနေ့ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
၎င်းစခန်းသည် စစ်ကောင်စီတပ်၏ ရှေ့တန်းအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာ အမှတ်(၃) စခန်းဖြစ်ပြီး စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများကို အသုံးပြုပြီးအသည်းအသန် ခုခံကာကွယ်နေသကဲ့သို့ ရက္ခိုင့်တပ်တော်ကလည်း ထိုးစစ်အား တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်လျက်ရှိသောကြောင့် တိုက်ပွဲများပြင်းထန်နေခဲ့သည်။
မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ဆိုသည်။
နောက်ဆက်တွဲတိုက်ပွဲများအဖြစ် မတ်လ(၃၁) ရက်နေ့၊ ညနေ(၃) နာရီ (၀၅) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင် ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဖက်မှ မျက်မြင်(၄) ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင်ဒေသ၌ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ (၃၁) ရက်နေ့၊ ည (၈) နာရီအချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မူလတန်းလွန် စာသင်ကျောင်းအား ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းလွန်စာသင်ကျောင်း နှင့် လူနေအိမ် (၄) လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
၊ ဧပြီလ (၂) ရက်နေ့၊ ညနေ (၅)နာရီ (၁၆) မိနစ်နှင့် (၂၇)မိနစ်အတွင်း၌လည်း မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သာ(၃)ဦးသေဆုံးပြီး၊ ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် နှစ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ