ဧပြီ ၁၊ VOR
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)မှ ၎င်းတို့နှင့် နိုင်ငံရေးရပ်တည် ချက်တူညီသော အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လက်တွဲပြီး ယင်းတို့မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေး ရပ်တည် ချက်များကို ယနေ့ထုတ်ပြန်လာသည်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန်ပြည်ပေါ်ထွန်းရေးအတွက် နိုင်ငံရေးရည်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဟု ဆိုသည်။
မွန်လူမျိုးတို့သည် မိမိတို့အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲ ဝင်လာသည်မှာ ယနေ့တိုင်ဖြစ်သည်။ မွန်လူမျိုးတို့ မျှော်မှန်းသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းလမ်း ဖြင့်ဖြေရှင်းရန် ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် NLDအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးကာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း မိမိတို့ မျှော်မှန်းသည့် နိုင်ငံရေးရလဒ်များ မရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့ သွားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံရေးပန်းတိုင်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အပြည့်အဝ အာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း မွန်ပြည်ကို တည်ဆောက်မည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ပြည်ထောင်စု၏ အခြေခံ စံတန်ဖိုးများ အနေဖြင့်
(က) တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိခြင်း။
(ခ) အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရှိခြင်း။
(ဂ) လူနည်းစုအခွင့်အရေးကို အပြည့်အဝ အာမခံပေးခြင်း။
(ဃ) စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း။
(င) ဂျန်ဒါတန်းတူမှုရှိခြင်း။
(စ) လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင် စိတ်ခံယူမှုတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း။
(ဆ) စုပေါင်းခေါင်းဆောင်မှု ရှိခြင်းတို့ ဖြစ်ကြောင်း
ဦးတည်ချက်အနေဖြင့်
(က) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်။
(ဂ) ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းပိုင် ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်။
(ဃ) မွန်လူမျိုးများအကြား စည်းလုံးညီညွတ်ရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်သွားရန်။
(င) မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေး အပြည့်အဝရှိသော မွန်ပြည်ကို တည်ဆောက်သွားရန်တို့ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။
နိုင်ငံရေးရပ်တည်ချက်များအနေဖြင့်
(က) NCA စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံပါ။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်သွား မည်။
(ဂ) အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့် မရှိစေရ။
(ဃ) နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် မည်သည့်နိုင်ငံရေး အာဏာခွဲဝေမှု ကိုမှ လက်မခံပါ။
(င) တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ဒေသ၏ လိုအပ်ချက်များအရ ဖက်ဒရယ်အခြေခံစံနှုန်းများနှင့်အညီ လုပ်ဆောင်သွားမည်။
(စ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံ ဖြင့် ခုခံတော်လှန်နေကြသည့်အစုအဖွဲ့များအားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေး အဖြေရှာမှုများတွင် ပူးပေါင်းပါဝင်မည်။
(ဆ) ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏မြန်မာနိုင်ငံပြဿနာအဖြေရှာရေး လုပ်ငန်းစဉ်များ တွင် ညှိနှိုင်းပူးပေါင်းပါဝင်သွားမည်။
(ဇ) အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည်ဟု ဆိုသည်။
လုပ်ငန်းစဉ်များ (လမ်းပြမြေပုံ)အနေဖြင့်
(က) မွန်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက် ခြင်း။
(ခ) တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်း ပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်ခြင်း။
(ဂ) အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏အုပ်ချုပ်ရေးလုပ်ငန်းများ ဖယ်ရှားပြီး မွန်ပြည်ကြားကာ လနှင့် ပြည်ထောင်စု ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်ခြင်း။
(ဃ) အာဏာသိမ်းစစ်ကောင်စီ ဖယ်ရှားပြီး တော်လှန်ရေးအင်အားစုအားလုံး ပါဝင်သော အသွင် ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းပြီး ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပကာ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရ ဖွဲ့စည်းခြင်း။
(င) အသွင်ကူးပြောင်းကာလတွင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းအတည်ပြုပြီး ယင်းပြည်နယ်ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းခြင်း။
(စ) အသွင်ကူးပြောင်းရေးကာလတွင် တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး ယင်းဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု အစိုးရဖွဲ့စည်းခြင်း။
(ဆ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိစေရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း တို့ဖြင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ နိုင်ငံရေး ရပ်တည် ချက်များကို ထုတ်ပြန်လိုက်သည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ