ဧပြီ ၁၊ VOR
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အုပ်စု အာဏာသိမ်းသည့်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကချင်ပြည်နယ်ဝန်ကြီး ၂ဦးကို ယနေ့ ဧပြီ ၁ ရက်နေ့တွင် လွတ်ရက်စေ့သဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။
ကချင်ပြည်နယ် ဝန်ကြီးများဖြစ်ကြသည့် စည်ပင်ဝန်ကြီးဦးနော်လီနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ ကို အန္တရာယ်ဖြစ်စေနိုင်သော လူစုလူဝေးဖြစ်ပေါ်အောင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ (၂၉)၊ စစ်တပ်ကိုအကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ စသည်တို့ဖြင့် ၂၀၂၁၊ ဧပြီ ၂၂ ရက်နေ့က ကချင်ပြည်နယ် တရားလွှတ်တော်တွင် ထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ရသည်။
အဂတိအမှုများနှင့် စပ်လျဉ်းပြီး စည်ပင်ဝန်ကြီးဟောင်း ဦးနော်လီကို တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီနှင့် အကြီးစားယာဉ် ပြင်ဆင်စားရိတ် ထုတ်ယူခြင်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်ကို မြစ်ကြီးနား – ဗန်းမော်လမ်းတည်ဆောက်ရေး လုပ်ငန်းတွင် နိုင်ငံတော်ငွေကြေးနစ်နာစေမှုနှင့် ဝိုင်းမော်မြို့နယ်တွင် NLD ပါတီရုံးဆောက်လုပ်မည်ဟု အကြောင်းပြပြီး ကျောက်မျက်လုပ်ငန်းရှင်ထံမှ ငွေကြေးတောင်းခံသည်ဟု ဆိုကာ အဂတိမှုပုဒ်မများဖြင့် ထပ်တိုးတရားစွဲခဲ့ခြင်း ဖြစ်ကြောင်း Kachinwaves မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၇ရက်နေ့မှစတင်ကာ ကချင်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြှင့်တင်လိုက်ပြီး စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ပတ်အတွင်း စခန်းပေါင်း ၆၀ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်