မတရားစစ်အာဏာသိမ်းမှုကို တတိုင်းပြည်လုံး ခါးစည်းခံရပြီးနောက်မှာတော့ သုံးနှစ်ကျော်ကာလတိုင်အောင် အပြန်အလှန်သတ်ဖြတ်မှုတွေဟာ မြန်မာပြည်တွင်းမှာဆက်လက်ကြီးထွားနေဆဲ ဖြစ်ပါတယ်။ မတ်လ ၃၀ ၊ ညနေ ၅ နာရီခန့်အချိန်မှာလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်တပ်သတင်းပေးဆိုသူကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF က သတင်းထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာက အသက် ၄၀ အရွယ် ကိုနိုင်ကြီးဆိုသူကို သစ်ပုတ်ရွာနဲ့ ပြန်ချီတက်ရွာကြားမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရေးသားပါတယ်။ စစ်အာဏာရှင်အနေနဲ့ ယခုထက်ထိတိုင်အောင် သက်ဆိုးရှည် တည်ရှိနေတာဟာ အခုလို အခွင့်အရေးမျှော်တဲ့ သစ္စာဖောက် ပြည်သူ့လောက်ကောင်များကြောင့် ဖြစ်ပါတယ်။ အခုဆိုရင်လည်း စစ်ကောင်စီဟာ လူငယ်လူရွယ်တွေကို အတင်းအဓမ္မအင်အားစုဆောင်းပြီး လူငယ်အနာဂါတ်တွေကို ၄င်းတို့အာဏာတည်မြဲရေးတွက် သုံးစွဲနေကြပြန်ပါတယ်။ အဆိုပါ စစ်မှုထမ်းဉပဒေအတွက် အာဏာရှင်ကို အားပေးကူညီသူ ဒေါက်တိုင်မှန်သမျှကို လက်စားချေ တုံ့ပြန်သွားမယ်လို့ တော်လှန်တပ်ဖွဲ့အသီးသီးကလည်း သတိပေးထားပြီးဖြစ်ပါတယ်။
–
ကွေးတိုင်း ရေစကြိုမြို့ပေါ်က ရုံးတွေမှာ တပ်စွဲထားတဲ့ မင်းအောင်လှိုင်စစ်သားတွေဟာ မြို့ပေါ် ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူ ၅ ဉီး ထိခိုက်သေဆုံးသွားခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့ ည ၈ နာရီ ခွဲအချိန်က ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ အမှတ် ၁ ထင်းတန်းရပ်ကွက် နှင့် သုခဝတီရပ်ကွက် အကြား လေးမျက်နှာကျောင်း အရှေ့ဘက်ရှိ ကွမ်းယာဆိုင်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့အပြီးမှာတော့ ကလေးနှစ်ဉီးမိခင် မသိင်္ဂီမေ ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးသွားကြောင်း သိရပါတယ်။ လက်နက်ကြီးအားကိုးနဲ့ ပြည်သူကိုနှိပ်စက်နေတဲ့ အခုလိုဖြစ်ရပ်တွေကြောင့် မြန်မာပြည်အနှံ့က တော်လှန်ရေးနဲ့ဆက်နွှယ်တဲ့ မြို့ရွာမှန်သမျှဟာ နေ့စဉ်နီးပါး ဘဝတွေ ပျက်စီးဆုံးရှုံးနေရပါတယ်။
–
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်ဟာ စစ်ကောင်စီကိုတော်လှန်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့ (K3C) က ခေါင်းဆောင်တွေနဲ့ မတ်လ ၂၉ ရက်မှာတွေ့ဆုံခဲ့ကြကြောင်း သတင်းများအရ သိရပါတယ်။ ဒဲရစ်ချောလက်ကလည်း ဒီအကြောင်းကို ၄င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတာတွေ့ရပါတယ်။ ၄င်းတွေ့ဆုံခဲ့တဲ့ K3C ဆိုတောကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဖြစ်ကြပါတယ်
–
မွန်ပြည်နယ်တွင်းမှာတော့ စစ်ကောင်စီကိုတော်လှန်ဖို့ မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့က ဆုံးဖြတ်ပြီးနောက်မှာ စစ်မီးတွေတောက်လောင်ခဲ့ပါပြီ။ စစ်တိုက်ရင်းဖြစ်ရတဲ့ မီးလောင်ကျွမ်းမှုမျိုးမဟုတ်ဘဲ မင်းအောင်လှိုင်ရဲ့ လေတပ်ဟာ အခဲမကျေမှုနှင့် အင်အားပြရက်စက်မှုကိုအခြေခံတဲ့ တဖက်သတ် မီးလောင်တိုက်သွင်းခြင်းကို ပြည်သူတွေအပေါ် ကျူးလွန်နေကြတာပါ။ စစ်ကောင်စီကမီးရှို့ခဲ့တဲ့ ဓမ္မသတ်ကျေးရွာဟာ စစ်ကောင်စီကိုတော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တော်လှန်ရေး) အဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်ရဲ့ဇာတိလည်း ဖြစ်ပါတယ်။
–
ကရင်နီပြည်၊ဖားဆောင်းမြို့ပေါ် ရှိ မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖားဆောင်း PDF က ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး ပြည်သူများကို ကယ်ထုတ်ခဲ့ကြောင်း မတ်လ ၃၀ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ အခုလို ပိတ်မိနေတဲ့ပြည်သူများကို ကယ်ထုတ်စဥ် ကရင်နီပူးပေါင်းတပ်မှ ရဲဘော်အချို့ လည်း ထိခိုက်ကျဆုံးမှုရှိခဲ့ ကြောင်း သိရပါတယ်။ အခုလိုကယ်ထုတ်ခဲ့မှုဟာ မတ်လ ၂၃ ရက်နေ့ကဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ကျမှ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။ ဖားဆောင်းတဝိုက်မှာ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်းများစွာကို ကရင်နီတပ်တွေက သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီ အခြေစိုက်တပ် ခလရ ၁၃၄ နှင့် ၁၃၅ကိုတော့ သိမ်းယူနိုင်ခြင်းမရှိသေးဘဲ ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ် ကြောင်း သိရပါတယ်ရှင်
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ