မတ် ၃၁၊ V OR
မုံရွာမြို့ အမှတ်(၁) ရဲစခန်းတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် ရိုက်နှက် နှိပ်စက်ခံရပြီး ကိုအောင်ကျော်ဇင် သေဆုံးသွားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရသည်။
မတ်လ (၂၇)ရက်နေ့တွင် မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရသော အကျဉ်းသားတစ်ဦးအား တရားရုံးမှ ရဲစခန်းအချုပ်သို့ ပြန်လည်ရောက်ရှိလာရာတွင် တရားမဝင် ပစ္စည်း သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်သားများမှ ဝိုင်းဝန်းရိုက်နှက်မှုကို မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ချောင်းဦးမြို့နယ်လူငယ် သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့မှ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် မတရားနှိပ်စက်ရန် မသင့်ကြောင်း ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုမှုကြောင့် မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ပြည့်လင်းအောင်နှင့် ဒု – ဗိုလ် ကျော်ဝင်းထွန်း တို့မှ ကိုမာန်ဇာမြေမွန် နှင့် ကိုအောင်ကျော်ဇင်တို့အား အကြမ်းဖက် အာဏာသိမ်းစစ်တပ် အထိုင်ချထားသော မြို့တော်ခန်းမသို့ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ စစ်သားများမှ ရိုက်နှက် နှိပ်စက်ခဲ့ကြောင်းသိရှိရပြီး ထိုသို့ အကြမ်းဖက် စစ်သားများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်မှာ (၂၉) ရက်၊ မတ်လ၊ ၂၀၂၄ ခုနှစ်တွင် မြင့်မြတ်စွာကျဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်မှာ အကြမ်းဖက် စစ်သားများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူရန် လိုအပ်လျက်ရှိသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့်လည်း အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများအား အမြဲမပြတ်နားစွင့်ပြီး လိုအပ်သည့်အကူအညီများ ပေးကြပါရန်နှင့် ယခုဖြစ်စဉ်အား မှတ်တမ်းတင်ထားရှိပြီး ပြည်သူ့တရားစီရင်ရေးအချိန်ကာလ ရောက်ရှိချိန်တွင် ပါဝင်ပတ်သက်ခဲ့သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေး အရေးယူသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သဘောထားထုတ်ပြန်လိုက်သည်။

More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်