မတ် ၃၀၊ VOR
စစ်ကောင်စီရဲ့ နေဝင်ချိန် စစ်ရေးပြအခမ်းအနားကျင်းပအပြီး တပြိုင်နက်ဆိုသလို ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကို နေပြည်တော်မှာ စတင်သင်တန်းပေးနေပါပြီ။
အဲ့ဒီအပတ်စဉ် ၁မှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်တယ်လို စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၇ရက်က တပ်မတော်နေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
မတ်လ ၂၇ရက်နေ့က ကျင်းပတဲ့ ၇၉နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမှာ အမျိုးသားစစ်သည်တွေထက် အမျိုးသမီး စစ်သည်တွေကို သာတွေ့ရပြီး အရင်နှစ်တွေလို ကြည်း၊ ရေ၊ လေ တင့်ကား သံချပ်ကာကား နဲ့ ဒရုန်းတပ်ဖွဲ့တွေပါ မပါဝင်တော့တာကြောင့် နံနက်ပိုင်းကျင်းပနေကျ စစ်ရေးပြအခမ်းအနားကို နေဝင်ချိန်မှသာကျင်းပတာ ဖြစ်တယ်လို သုံးသပ်သူတွေက ဆိုပါတယ်။
ဒါဟာ အဖက်ဖက်က စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ရဲ့လက်ရှိအင်အားကို မဖုံးနိုင်မဖိနိုင်ဖြစ်ခဲ့ရသလို တဖက်မှာလဲ လူငယ်တွေကို စစ်သည်အသစ်အဖြစ် ပြည်သူ့စစ်သင်တန်း ပေးနေတာပဲဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ စစ်ပညာသင်ယူခဲ့တဲ့ ဗျူဟာမှူးတွေအပါအဝင် ဝါရင့်စစ်သည်တွေတောင် ရှေ့တန်းစစ်မြေပြင်မှာ အများအပြားကျဆုံးတာ တပ်ရင်းလိုက်လက်နက်ချတာတွေဖြစ်ပေါ်နေချိန်မှာ ပြည်သူ့စစ်သင်တန်းဆင်း လူငယ်တွေဟာ စစ်ကောင်စိအတွက် မျှော်မှန်းသလောက် အင်အားပြည့်တင်းလာမှာမဟုတ်ဘူးလို့ CDM ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။
ထိုးစစ်ဆင်ရလောက်တဲ့ထိ အင်အားပြည့်လာလိမ့်မယ်လို့တော့မထင်ဘူး ကျွန်တော့်အထင်တော့ ဒီအပတ်စဉ် ၁က ဝါဒဖြန့်ချီရေးလုပ်ဖို့လို့ပဲထင်တယ် ပြည်သူတွေရဲ့ ကြောက်ရွံ့မှု စိုးရိမ်မှုတွေကို ဖြေဖျောက်ဖို့လို့ပဲထင်တယ်”လို့ CDM ဗိုလ်ကြီးတစ်ဦးက VOR ကိုပြောပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ အသက်သွင်းပြီးနောက် မတ်လဆန်းကစလို့ စစ်မှုထမ်းဆင့်ခေါ်အဖွဲ့တွေကနေ လူငယ်တွေကို စုဆောင်းထားတာပါ။
စစ်မှုထမ်းဥပဒေအကျုံးဝင်သူ အမျိုးသား ၆.၃သန်းရှိတဲ့အနက် တနှစ်ကို ၅သောင်းခေါ်ယူမှာဖြစ်ပြီး ဧပြီ ၁ရက်နေ့မှာ စစ်သင်တန်းစပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။
ရက္ခိုင်ပြည်တိုက်ပွဲတွေမှာ မကြာသေးမှီကမှ စစ်သင်တန်းပေးထားတဲ့ ဘင်ဂါလီမွတ်ဆလင်လူမျိုးတွေရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ အဓမ္မတပ်သားစုဆောင်းနေမှုအပေါ် ဆုံးဖြတ်ချက်အမြန်ချဖို့ လိုအပ်ပြီလို့ ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က မတ် ၂၀ ရက်မှာ သတိပေးထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေကို အသုံးချနေတာဖြစ်တယ်လို့ နိုင်ငံတကာက စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်