မတ် ၂၇၊ VOR
ရက္ခိုင်ပြည်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၈ မြို့ကို ရခိုင့်တပ်တော်အေအေက ထိန်းချုပ်အနိုင်ယူပြီးနောက်မှာတော့ ရခိုင်ဒေသတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ၎င်းတို့နှင့် ပူးပေါင်းရန် ရက္ခိုင့်တပ်တော် AA က နိုင်ငံတကာကိုဖိတ်ခေါ်ခဲ့ကြပါပြီ။
နောက်ထပ်လည်း နိုင်ငံတကာ စီမံကိန်းအသစ်တွေကို ဖိတ်ခေါ်တယ်လို့ အေအေက ပြတ်ပြတ်သားသား ဆိုပါတယ်။
အခုထုတ်ပြန်ချက်ကို မတ်လ ၂၅ ရက်နေ့ရက်စွဲနဲ့ မြန်မာ-အင်္ဂလိပ်-တရုတ် သုံးဘာသာသုံးပြီး ကြေငြာခဲ့ကြတာပါ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေကတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တပ်များနှင့်အတူ ဟန်ချက်ညီညီပါဝင်ဆင်နွှဲခဲ့တဲ့ ရခိုင့်တပ်တော်ဟာ စစ်ဆင်ရေး ၄ လကျော်အတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ပိုင်းမှ ရမ်းဗြဲ စုစုပေါင်း ၈ မြို့နယ်နှင့်အတူ ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတခုလုံးကို ထိန်းချုပ်ကြောင်း ဆိုနိုင်ဖို့ နောက်ထပ် ဘူးသီးတောင်နှင့် မောင်တောမြို့များသာ ကျန်ရှိပါတော့တယ်။
နိုင်ငံတကာက ULA/AA ကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုတာမျိုးမဖြစ်သေးပေမယ့် အခုချိန်ကတည်းက ရခိုင်ပြည်နယ်အခြေအနေကို အာရုံစိုက် လေ့လာသုံးသပ်နိုင်ဖို့ အခုလို ကြေငြာချက်ထုတ်အသိပေးရခြင်း ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးပစ်ခတ်မှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့်လည်း လက်တွေ့မြေပြင်မှာတော့ ဘာလုပ်လုပ် အေအေနဲ့ မဆွေးနွေးလို့ မရတဲ့ အခြေအနေဖြစ်သွားခဲ့ပါပြီ။
ဒါဟာ ကြိုတင်ရင်းနှီးမြှုပ်နှံပြီး အခွင့်အလမ်းကောင်းကို ဆုပ်ကိုင်လိုသူတွေအတွက်တော့ စိတ်ဝင်စားစရာ လမ်းသစ်ဖွင့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ စီးပွားရေးသမားများက ဆိုကြပါတယ်။
ပြည်နယ်ထွက် သယံဇာတတွေကို စစ်အာဏာရှင်နဲ့အတူ စီးပွားရေးနှစ်ပေါင်းများစွာလုပ်လာတဲ့ နိုင်ငံကြီးတွေကတော့ တရုတ်နှင့် အိန္ဒိယနိုင်ငံဖြစ်ပါတယ်။
အခုဆိုရင် အဆိုပါနိုင်ငံကြီးများရဲ့ စိတ်ဝင်စား ယုံကြည်ရင်းနှီးမှုကို တိုက်ပွဲနိုင်တဲ့ အဖွဲ့အစည်းတခုကတော့ မျှော်လင့်နိုင်ခဲ့ကြပါပြီ။
လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ပိုင်းက The Lairam Times အမည်ရှိ ဒေသတွင်းသတင်းရင်းမြစ်ရဲ့ ဖော်ပြချက်အရတော့ ကုလားတန်စီမံကိန်းထဲက လမ်းပိုင်းတစ်ခု ဖောက်လုပ်ရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် နှင့် AA တို့ဟာ နှစ်နိုင်ငံနယ်စပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်ဟာ သယံဇာတကြွယ်ဝတဲ့ ဒေသတခုဖြစ်ပြီး ရခိုင့်တပ်တော်ဟာ ၄င်းတို့နယ်မြေ ၄င်းတို့ စီမံအုပ်ချုပ်ဖို့ ကြိုးစားနေကြတာဟာ အားရစရာကောင်းလှပါတယ်။
ရခိုင်မှာ တရုတ်ရဲ့ ဒေါ်လာဘီလျံချီမြှုပ်နှံမှုအဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းရှိပါတယ်။ တရုတ်နိုင်ငံသို့ နှစ်စဉ် ရေနံစိမ်းတန်ချိန် သန်းချီတင်ပို့နေသည့် မဒေးကျွန်းရေနံပိုက်လိုင်းစီမံကိန်းလည်း ရှိပါတယ်။
ဒ့ါအပြင် အိန္ဒိယဟာ စစ်တွေမြို့အနီး ပင်လယ်ထဲစီးဝင်သည့် ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင်လည်း အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပါသေးတယ်။
ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာဆိုရင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ကွက်တွေ အများအပြားရှိတာမို့ အခုလို တိုင်းရင်းသားဒေသ တိုင်းရင်းသားတွေပြန်ရဖို့ လွတ်မြောက်ရေးတိုက်ပွဲတွေဟာ နွေဉီးတော်လှန်ရေးနှင့်အတူ လမ်းပွင့်ခဲ့ပြီဆိုတာ တင်ပြလိုက်ရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ