မတ် ၁၇၊ VOR
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သူ ကိုကျော်သန်းဇံကို ပြီးခဲ့သည့် မတ်လ ၁၁ရက်နေ့၊ ညနေ ၃နာရီခန့်အချိန်တွင် ရန်ကုန် လေဆိပ်၌ စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၁ရက်နေ့၊ ညနေ ၃နာရီခန့်အချိန်တွင် ကိုကျော်သန်းဇံသည် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု ဇနီးဖြစ်သူ မမိုးသစ္စာက RFAနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
ဖမ်းဆီးခံခဲ့ရသည့် ကိုကျော်သန်းဇံမှာ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမအငယ်ဆုံး မမိုးသစ္စာ၏ ခင်ပွန်းဖြစ်ကြောင်း သိရသည်။
ကိုကျော်သန်းဇံသည် ရန်ကုန်မြို့၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတွင် အင်ဂျင်နီယာ အရာရှိတစ်ဦးအဖြစ် အလုပ် လုပ်နေသူဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်မှုကင်းရှင်းသူဖြစ်ကာ မိသားစုနှင့်တွေ့ဆုံရန် သွားစဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ဇနီးဖြစ်သူက ဆိုသည်။
“ကျမ ပြောရမယ်ဆိုရင် သူတစ်ယောက်တည်းအနေနဲ့ သူ့ကိုအပြစ်ရှိလို့ ဖမ်းတယ်ဆိုတာတော့ လုံးဝမဟုတ်ဘူးရှင့်။ ဘာလို့လဲ ဆိုတော့ ကျမအမျိုးသားကပေါ့နော် ကိုယ့်ဟာကို နေတာပေါ့နော်။ ဒါပေမယ့် တစ်ခုရှိတာကတော့ ကျမက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဆိုတဲ့အခါကျတော့ သူက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ဖပေါ့နော်။ အဲ့ဒီကိစ္စတစ်ခုဘဲ ရှိပါတယ်ရှင့် သူတို့ဖမ်းမယ်ဆိုရင်”ဟု ဇနီးဖြစ်သူက ပြောသည်။
ထို့နောက် စစ်အုပ်စုက ကိုကျော်သန်းဇံ တို့မိသားစုပိုင် ရန်ကုန်တိုင်း၊ လှည်းတန်းမြို့၊ စံရိပ်ငြိမ် ၂လမ်း၌ရှိသည့်တိုက်ခန်းကို လာရောက်ကာ ပစ္စည်းများကို သိမ်းယူပြီးနောက် အခန်းကို ချိပ်ပိတ်ခဲ့သည်ဟု ဇနီးဖြစ်သူ မမိုးသစ္စာ၏ ပြောပြချက်အရ သိရသည်။
စစ်အုပ်စုက ကိုကျော်သန်းဇံကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ မိသားစုများကို အကြောင်းကြားခြင်း တစ်စုံတစ်ရာ မရှိသည့်အပြင် မိသားစုများမှာ ကိုကျော်သန်းဇံကို ရှာမတွေ့ ကြောင်းသိရသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်