မတ် ၆၊ VOR
အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်သော ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တာဝန်ရှိသူများ လွတ်မြောက်နယ်မြေ တစ်နေရာတွင် တွေ့ဆုံခဲ့ကြကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။
ဆွေးနွေးပွဲတွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် (FDC) အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လက်ရှိ ကြားကာလ တော်လှန်ရေး အစိုးရ အဖြစ် အလေးအနက် အသိအမှတ်ပြု လက်ခံထားသည့် မူဝါဒ ရှိသည့် အလျောက် အမျိုးသားညီညွတ်ရေး အစိုးရ၏ ယန္တရားများ ဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို လက်ခံအသိအမှတ် ပြုပြီး တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ထားသော စစ်သည်တော်ကျင့်ဝတ်များ (Code of Conduct) ကို တင်းကြပ်စွာ လိုက်နာသွားမည် ဖြစ်ပြီး အရပ်သားအစိုးရ၏ သြဇာကို အပြည့်အဝ ခံယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။
BLDF အနေဖြင့် တော်လှန်ရေးအောင်မြင်စေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၏ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် လိုက်နာဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် တခုတည်းသော မဟာဗျုဟာ၊ တခုတည်းသော ကွပ်ကဲမှု (One Strategy, One Command) အောက်တွင် BLDF ၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ၏ တစ်စုံလုံးဆိုင်ရာ စစ်ရေးစီမံချက်များနှင့်အညီ ဟန်ချက်ညီ လိုက်ပါ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) အား တော်လှန်ရေးအင်အားစု တခုအဖြစ် လက်ခံအသိအမှတ်ပြုပြီး လိုအပ်သော ထောက်ပံ့ကူညီမှုနှင့် ညှိနှိုင်းကွပ်ကဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်