မတ် ၆၊ VOR
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ရာ တိုက်ပွဲအတွင်း (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး၊ တပ်ရင်းမှူး၊ ဗိုလ်မှူးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေရမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
အဆိုပါ ခမရ (၅၅၀) တပ်ရင်းအား ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကတည်းကပင် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပြီး စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေသည့်ကြားမှ ရက်ပေါင်း (၁၃) ရက်ကြာမြင့်သည်အထိ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ခမရ (၅၅၀) ကိုအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ဆိုသည်။
ဤထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့ပြီး ခမရ (၅၅၀) တပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အခြားတစ်ဖက်တွင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို အသက် ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားသည်ဟု သိရသည်။။
၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်၊ နံနက် (၈) နာရီခန့်တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀) သို့ စစ်ကူပေးရန်လာခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော (၂) စီးကိုလည်း ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှ ဟန့်တား တိုက်ခိုက် နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂) စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော (၁) စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဇက်သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင်မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့မှာ ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီကင်းစင်သည့် နောက်ထပ်တစ်မြို့ဖြစ်လာခဲ့ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးအတွက် အခြားသော ကျန်ရှိနေသေးသည့် မြို့များကို တစ်ခုပြီး တစ်ခု မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံးအနေဖြင့် လက်နက်ချအညံ့ခံရန် စေတနာဖြင့် ထပ်မံ၍ အသိပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ