မတ် ၄၊ VOR
ထိုင်းနိုင်ငံ လွှတ်တော်တွင် မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ထံက သိရသည်။
တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြသည့် အခွင့်အရေးများကို မြန်မာပြည်မှ လူငယ်များက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရကြောင်း၊ ဒီအကြောင်းတွေကို ဆွေးနွေးပွဲတက်ရောက်သူများ သိစေရန် အဓိကထား ပြောခဲ့ကြောင်း သိရသည်။
“ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်တွေဟာ အမှန်တရားအတွက် ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။”ဟု ကိုအောင်ဖုန်းမော်က ပြောသည်၊။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်များနှင့် တိုင်းပြည်ကို စုစည်း၍မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာတွင် ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို ရှာဖွေဆွေးနွေးရန် ထိုင်းနိုင်ငံ လွှတ်တော်ထဲတွင် မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူး”ဟု ကိုအောင်ဖုန်းမော်က သုံးသပ်ပြောဆိုသည်။
“စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး”ဟု ကိုအောင်ဖုန်းမော်က ပြောသည်။
မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် ထိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ရန် ဆွေးနွေးပွဲက ရည်ရွယ်ကြောင်း သိရသည်။
ဆွေးနွေးပွဲနှင့်အတူ မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မည့် အနုပညာပြခန်း တစ်ခုကိုလည်း ထည့်သွင်းပြသခဲ့သည်။
နှစ်ရက်တာ ကြာမြင့်သည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတ်တော်၏ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ