ဖေဖော်ဝါရီ ၂၆၊ VOR
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက်ရှုံးနေပြီဖြစ်၍ အရှုံးသမားကောင်း ပီသအောင်ကြိုးစားရန်နှင့် အပြစ်မဲ့ပြည်သူ လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆက်လက် မိုက်တွင်း မနက်ရန် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးစကားဆိုလိုက်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တွစ်တာမှ တဆင့် ယနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် သတိပေးစကား ဆိုလိုက်ခြင်းဖြစ်သည်။
“ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ကြိုးစားမှုကို လေးစားပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့က သေချာပေါက် ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်း ပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မည်” ဟု ရေးသားထားသည်။
ထို့အပြင် “တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်းနက်နေဦးမယ် ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်”ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရေးသားထားသည်။
လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော် AA က ပလက်ဝဒေသအပါအဝင် ရက္ခိုင်ပြည် ၈၀ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က အရှုံးကြီးရှုံးနေကာ ရခိုင်ဒေသများတွင်သာမက စစ်ကောင်စီစိုးမိုးသော ဒေသများရှိ ရခိုင်လူမျိုးပြည်သူများကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခြင်း၊ ခရီးသည်များကို ဖမ်းဆီးထားခြင်း၊ အဝေးပြေးကားပေါ်မှ ရခိုင်သွားမည့် ပြည်သူနှင့် လူငယ်များကို ဖမ်းဆီး စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီမတရားပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီထံ စစ်မှုမထမ်းလိုသော ပြည်သူများကိုလည်း AA ထိန်းချုပ်နေမြေများသို့ လာရောက်ခိုလှုံနိုင်ကြောင်း ရက္ခိုင့်တပ်တော်က ဖိတ်ခေါ်ထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်