ဖေဖော်ဝါရီ ၂၆၊ VOR
ရက္ခိုင်ပြည် ရမ်းဗြဲမြို့သို့ ရဟတ်ယာဉ် ၄စင်းဖြင့် စစ်ကူလာပို့သည့် စစ်သားများကို ရက္ခိုင့်တပ်တော် AA က ချေမှုန်းတိုက်ခိုက်ရာ စစ်သား ၆၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း AA က ယနေ့သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရမ်းဗြဲမြို့သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူများလာရောက်ပို့ဆောင်ခဲ့ရာ အဆိုပါ စစ်ကူ စစ်ကြောင်းမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ဖြစ်ပြီး ၎င်းတပ်ရင်းနှစ်ရင်းမှ လက်ကျန်အင်အားများကို ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။
စုစုပေါင်းအင်အား (၁၂၀) ခန့်ပါရှိပြီး ရဟတ်ယာဉ် (၄) စီးဖြင့် (၇) ကြိမ်တိုင်တိုင် စစ်ကူချပေးခဲ့သော အဆိုပါ တပ်ရင်းနှစ်ရင်းပူးပေါင်းစစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး စစ်သား (၆၀) ကျော်ကို ချေမှုန်းနိုင်ခဲ့ရာ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီတပ် အလောင်းမြောက်မြားစွာနှင့်အတူ လက်နက်ခဲယမ်းပစ္စည်း အများအပြားကို ရက္ခိုင့်တပ်တော်မှ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်၏ တစ်နေ့လုံးနီးပါး တောက်လျှောက် မရပ်မနား လေကြောင်းမှ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်ကြားမှ အဆိုပါစစ်ကြောင်းကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား ယခုကဲ့သို့ လေကြောင်းမှ နေ့တိုင်းနီးပါးတိုက်ခိုက်ရင်း ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူများလာရောက်ပို့ဆောင်ခဲ့သည်။
ထို့ပြင် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ ရှစ်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဤ လေ့ကျင့်ရေးသင်တန်းကျောင်းသည် မင်းပြားမြို့ရှိ သိမ်းပိုက်ရန် နောက်ဆုံးကျန်ရှိနေသေးသော လေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ယနေ့ ဖေဖော်ဝါရီလ (၂၅) ရက်၊ နံနက် (၇) နာရီ (၁၄) မိနစ်မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ( ၅၅၂) တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၄) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်