ဖေဖော်ဝါရီ ၂၃၊ VOR
မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်တပ်၏ တိုက်ခိုက်အင်အားသည် တသိန်းပြည့်ဖွယ် မမြင်တော့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ ISP Myanmar က ဖေဖော်ဝါရီ ၂၂ရက်က ထုတ်ပြန်သည်။
ယခုဖော်ပြမှုသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ဆက်စပ်ပြီး ISP-Myanmar က ဖော်ပြခဲ့သည့် ‘ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ ၀ရုန်းသုန်းကား အခြေအနေနှင့် သက်ရောက်ဖြစ်တန်ခြေငါးရပ်’ ထဲတွင် ပါရှိသည့် ဒေတာ အချက်အလက်တခု ဖြစ်သည်ဟု သိရသည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက်ကစပြီး စစ်ခေါင်းဆောင်များက တပ်မတော်အတွက် အင်အားလျာထားသည့်အခါ နိုင်ငံ့လူဦးရေ၏ တစ်ရာခိုင်နှုန်းခန့်အထိ ကြီးထွားရန် ကြံရွယ်တည်ဆောက်ခဲ့သည်ကို ISP-Myanmar ၏ သုတေသနပြုလေ့လာမှုများတွင် တွေ့ရှိရသည်ဟု သိရသည်။
နိုင်ငံ့လူဦးရေ သန်း ၅၀ ကျော်တွင် တပ်ဖွဲ့ဝင် ငါးသိန်းကျော် ရှိရမည်ဆိုသည့် ပြင်ဆင်မှုနှင့် စုဆောင်းရန် ရည်မှန်းခဲ့သည်ဟု ဆိုသည်။
သို့သော် မြန်မာစစ်တပ် အင်အားအကောင်းဆုံးဟု ဆိုရမည့် အချိန်မှာပင် တပ်ဖွဲ့ဝင် နှစ်သိန်းဝန်းကျင်သာ အများဆုံးရှိခဲ့သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ အချိန်တွင် အင်အား ၁၆၀,၀၀၀ ဝန်းကျင်သာရှိနေပြီး အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်အင်အားသည် တသိန်းပြည့်ဖွယ် မမြင်တော့ကြောင်း ISP Myanmar က ဖော်ပြထားသည်။
အင်အားချိနဲ့နေပြီဖြစ်သည့် မြန်မာစစ်တပ်သည် တော်လှန်ရေးအင်အားစုများကို ရင်ဆိုင်ရန် အပြင်းအထန် ကြိုးစားနေရကြောင်း Nikkei Asia သတင်းဌာနက ၂၀၂၃ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ဖော်ပြခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွင်း သေဆုံးသူ၊ ထွက်ပြေးသူ၊ ပြည်သူ့ဘက်ပြောင်းခိုလှုံသူ ဦးရေ တိုးပွားလာမှုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်၏ စုစုပေါင်းအင်အား ၂၁ဝဝဝ ခန့် ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဦးရဲမျိုးဟိန်းရဲ့ သုတေသနပြုချက်ကို ကိုးကားပြီး Nikkei Asia က ဖော်ပြခဲ့သည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ