ဖေဖော်ဝါရီ ၂၀၊ VOR
ကောလင်းမြို့အနီးတဝိုက်တွင် စစ်ရေးအခြေအနေများကြောင့် ကုန်စည်ပြတ်တောက်မှု ရင်ဆိုင်လာရနိုင်ခြေရှိသဖြင့် စစ်ရှောင်ပြည်သူများအတွက် အခက်ကြုံလာနိုင်ကြောင်း စစ်ရှောင်ကူညီနေသူများထံက သိရသည်။
ကောလင်းမြို့တွင် စစ်ကောင်စီတပ်က မြို့တွင်းရပ်ကွက်အချို့ကို နေရာယူထားပြီး တော်လှန်ရေးတပ်များနှင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများကြောင့် မကြာမီကာလအတွင်း ကုန်စည်ပြတ်တောက်နိုင်ကြောင်း စစ်ရှောင်ကူညီနေသူ တစ်ဦးက VOR ကိုပြောသည်။
“ကုန်စည်လမ်းက ပိတ်နေတာပေါ့နော် ကောလင်းမှာ မကြာခင်ကုန်စည်ပြတ်တောက်နိုင်ချေရှိနေပါတယ် အကူညီတွေလဲ လိုအပ်နေပါတယ် “ဟု စစ်ရှောင်ကူညီနေသူ ကိုညိုက VOR ကိုပြောသည်။
ကောလင်းမြို့တွင် စစ်ရှောင်ပြည်သူ နှစ်သောင်းခွဲဝန်းကျင်ရှိနေရာ နီးစပ်ရာကျေးရွာများနှင့် လယ်တောများတွင် မိုးကာတဲမိုးများဖြင့်နေထိုင်နေရပြီး သောက်သုံးရေသန့်ရရှိမှုပင် ခက်ခဲလာနေကြောင်း သိရသည်။
“အဓိကက ဆေးဝါးရယ် ရေသန့်ရရှိဖို့ပေါ့နော် စက်ရုံကထုတ်တဲ့ရေသန့်မရနိုင်တော့ တောထဲတွေမှာ မြောင်းရေ ချောင်းရေကို ချိုးနေသောက်နေရတော့ အရေပြားရောဂါတွေ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာနိုင်ချေရှိနေပါတယ်”ဟု စစ်ရှောင်ကူညီနေသူ ကိုညိုက VOR ကိုပြောသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီက ကောလင်းမြို့တွင်း ပြည်သူနေအိမ်များကို မီးတင်ရှို့နေပြီး လမ်းတံတားများလည်းချိုးဖျက်ခံထားရကြောင်း ဒေသခံပြည်သူများထံက သိရသည်။
” ဒီနေ့ထိကို မီးရှို့နေတာပေါ့နော် အိမ်တွေတော်တော်များများကို စစ်တပ်ကမြို့ထဲကနေ မီးရှို့နေပါတယ် ပြည်သူတွေလဲ စစ်ရှောင်နေရတာ ကြာပါပီ”ဟု ဒေသခံပြည်သူ တစ်ဦးက VOR ကိုပြောသည်။
ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် Drop Bomb များ Jumber များအသုံးပြုကာ ဟောင်ဝစ်ဇာကားများဖြင့် ပစ်ခတ်ဝင်ရောက်လာသဖြင့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် တော်လှန်ရေးတပ်များ ဆုတ်ခွာပေးခဲ့ရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းနေရာယူထားသော်လည်း တော်လှန်ရေးတပ်များဘက်က မိုင်းထောင်ခြင်း၊ ဒရုန်းဗုံးအသုံးပြုတိုက်ခိုက်ခြင်းများရှိနေပြီး စစ်ကောင်စီတပ်က မြို့တွင်းလမ်းတံတားများဖျက်ဆီးကာ ပြည်သူနေအိမ်များကို လက်ရှိအချိန်ထိမီးရှို့နေကြောင်း သိရသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်