စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တိုက်ပွဲများ ဆက်ရှိနေပြီး တော်လှန်ရေးတပ်များက ဝန်းရံပိတ်ဆို့ကာ မိုင်းထောင်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်သားများ မြို့ပြင်မထွက်နိုင်ဘဲ ကျဆုံးမှုများရှိနေကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုအရေအတွက်ကိုတော့ အတိအကျမသိရှိရသေးကြောင်း မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
“သူတို့က မြို့ထဲမှာပါ မြို့ပြင်ထွက်တာနဲ့ ဆီးပြီးတိုက်ပါတယ် ဒရုန်းနဲ့လဲတိုက်ပါတယ် မနေ့ကတော့ သူတို့ တော်တော်အထိနာတယ် မိုင်းကတော့မြို့ပတ်လည်ခင်းထားတော့ သူတို့အပြင်ထွက်တာနဲ့ မိုင်းစာမိတယ် “ဟု မြေပြင်ရဲဘော်တစ်ဦးက VOR ကိုပြောသည်။
ယမန်နေ့တွင် စစ်ကောင်စီတပ်က ရပ်ကွက်အချို့ရှိ နေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်များ မြို့တွင်းဝင်ရောက်မလာနိုင်စေရန် တံတားများ ချိုးဖျက်ထားသည်ကိုလည်း သိရသည်။
“မနေ့ကတော့ တစ်နေ့လုံးလှုပ်ရှားမှုရှိပါတယ် သူတို့အိမ်တွေကိုမီးရှို့တယ် ရက်ကွက်တွေက တံတားတွေအကုန် ချိုးဖျက်ထားပါတယ်”ဟု မြေပြင်ရဲဘော်တစ်ဦးက VOR ကိုပြောသည်။
“ကောလင်းမြို့ ကို စခတွေပြန်ထိမ်းချုပ်တာမဟုတ်ပါဘူး၊ ၃/၄နေရာကိုတော့ ထိန်းထားနိုင်တယ် ကစားကွက်ပြောင်းလိုက်တာ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် မနေ့ညရော ခုကော။ မြို့ထဲမှာ မနေ့ကလည်းမီးလောင်တယ်။ ဒါလောက်ပါပဲ”ဟု Kawlin Info က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကောလင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်ရယူနိုင်ရေးအကြိမ်ကြိမ်ကြိုးစားခဲ့ကာ ဖေဖော်ဝါရီ လဆန်းမှစ၍ ကန့်ဘလူမြို့နယ်၊ ဝန်းသိုမြို့နယ်တို့ဘက်မှ စစ်ကြောင်းများစွာဖြင့် အင်အား ထောင်ချီအသုံးပြု ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ကောလင်းမြို့ပေါ်သို့ စစ်ကောင်စီက ပျူစောထီးများအပါအဝင် အင်အားအလုံးအရင်းဖြင့် ဟောင်ဝစ်ဇာလက်နက်ကြီးတပ်ဆင်ထားသည့် ကားများဖြင့်ပါ ပစ်ခတ်ဝင်ရောက်လာကာ လေယာဉ်ပစ်ကူနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် တော်လှန်ရေးတပ်များ ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကောလင်းမြို့ခံ နှစ်သောင်းခွဲခန့် စစ်ရှောင်နေရပြီး လျှပ်စစ်မီးမရရှိသည်မှာ ဆယ်ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ကောလင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
၁၀၂၇စစ်ဆင်ရေးစတင်ခဲ့သည့် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို လက်လွှတ်ခဲ့ရပြီးနောက် တရုတ်အားကိုးဖြင့် အပစ်ရပ်ထားကာ စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများကို ပိုမိုလုပ်ဆောင်ခဲ့ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်မီးရှို့ခြင်းများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကိုင်းတိုင်းတွင် ခမ်းပါတ် ၊ ရွှေပြည်အေး ၊မော်လူး မြို့များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး တိုက်ပွဲများဆက်လက်ဖော်ဆောင်လျက်ရှိသည်။


More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ