ဖေဖော်ဝါရီ ၁၃၊ VOR
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်ကို ယနေ့ ကြေညာလိုက်သည်။
စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမမ်းဥပဒေကို လိုက်နာရန်မလိုကြောင်းနှင့် NUGမှ မဟာမိတ်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမည်ဟု NUG ကဆိုသည်။
အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာလုံး၀ မရှိပါ။
အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုပါကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။
နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားသည်ဟု ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထုကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမည် ဖြစ်သည်ဟု ဆိုသည်။
စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် လွတ်လပ်မှုအပေါ် အဓမ္မခြိမ်းခြောက်ခံရမှုများမှ လွတ်မြောက်နိုင်မည်ဖြစ်၍ ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန်နှင့် တော်လှန်ရေး အင်အားစုအားလုံးအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြရန် NUG ကတိုက်တွန်းထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ