ဖေဖော်ဝါရီ ၁၊ VOR
ရက္ခိုင်ပြည် မြောက်ဦးအခြေစိုက် “ခမရ (၅၄၀) တပ်ရင်း” ကို ယမန်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် တပ်ရင်းတစ်ခုလုံးအား အပြီးသတ် ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ခမရ (၅၄၀) တပ်ရင်းသည် ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူ လုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော၊ မြောက်ဦးမြို့ကို မီးလောင်ပြာကျအောင် ကြံစည်ကြိုးစားနေသော စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းတို့သည်လည်း ခမရ ၅၄၀နည်းတူ မြောက်ဦးပြည်သူလူထုနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဒုက္ခပေးဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်ရင်းများဖြစ်သဖြင့် ရက္ခိုင့်တပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ၅၄၀-တပ်နှင့် ၃၇၇-တပ်တို့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်အတွင်းရှိ ရှေးခေတ်ရခိုင်ဘုရင်အဆက်ဆက်၏ အမျိုးသား ယဉ်ကျေးမူ အမွေအနှစ်များအဖြစ် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ကျောက်စာတိုင်များ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္ထုများနှင့် လူနေအိမ်ခြေများ ပျက်စီးခဲ့ရသည်။
ယခုသိမ်းပိုက်လိုက်သည့် ခမရ ၅၄၀တပ်ရင်းအပါအဝင် တပ်ရင်း ၃ခုမှ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၄ဦးသေဆုံးခဲ့ရပြီး နေအိမ် ၂၀ကျော် မီးလောင်ပြာကျခဲ့ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်နေ့က ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။
လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်သည့်အပြင် ယဥ်ကျေးမှု အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသည့် စစ်ကောင်စီလုပ်ရပ်အား ရက္ခိုင်လူမျိုးများအနေဖြင့် မည်သည့်အခါမှ မေ့ပျောက်၍ ရမည်မဟုတ်ကြောင်းနှင့် ထိုသို့ဖျက်ဆီးခဲ့သည့်စစ်ကောင်စီအား ထိထိရောက်ရောက် တုံ့ပြန်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA ) ဇန်နဝါရီ ၂၆ရက်နေ့က သတိပေးထုတ်ပြန်ခဲ့သည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ