Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 13, 2025

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး ပထမနေ့ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး ပထမနေ့ ကျင်းပပြီးစီး

ဖေဖော်ဝါရီ ၁၊ VOR

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးကို (၂) ရက်တိုင်တိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပမည်ဖြစ်ရာ ယနေ့ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အစည်းအဝေးပထမနေ့အဖြစ်အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CTPH က သတင်းထုတ်ပြန်သည်။

လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၁၁) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၅၀.၇၂) ရာခိုင်နှုန်း တက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၈) ရပ်ဖြင့် ကျင်းပခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းလမင်းထွန်းက “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ပြီးမြောက်နိုင်ရန် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းလာစေပြီး နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား ဗျူဟာမြောက် စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” အဆိုအား တင်သွင်းခဲ့ပြီး ၎င်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကယား/ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးရောဘတ်ညေးရယ်က ပြည်ထောင်စုလွှတ်တော်၏ သဘောထားထုတ်ပြန်ကြေညာချက်အား ဖတ်ကြားတင်သွင်းခဲ့ကာ လွှတ်တော်က အတည်ပြုခဲ့သည်ဟု ဆိုသည်။

ဆက်လက်ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စ ဟေဒီဟောတလာတို့ထံမှ ပေးပို့သော မိန့်ခွန်းဗီဒီယိုတို့အား ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) ဥက္ကဋ္ဌမှ ပေးပို့သော အမှာစကားအား နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက ဖတ်ကြားခဲ့ပြီး မြန်မာလွှတ်တော်နှင့်ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်လွှတ်တော်ကိုယ်စားလှယ် Janelle Saffin က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနှင့် ဆက်ဆံရေးခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ အစီရင်ခံစာတို့အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

You may have missed