ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အမ်းလေဆိပ်အပါအဝင် စစ်ဗျူဟာစခန်းများအားလုံး AA လက်ထဲကျရောက်သွားပြီဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချု ဂွင်တစ်ခုသာ ကျန်ရှိတော့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းရှိ စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားနေရာတွေမှာ တပ်စွဲစခန်းချ၊ ခုခံနေကြတဲ့ စခန်းနေရာ (၃၀) ကျော်ရှိသည့်အနက် အမ်း နပခဌာနချုပ် ဂွင်တစ်ခုသာ ကျန်ရှိတော့ပြီဖြစ်တာကြောင့် အမ်းမြို့ရဲ့ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။နိုဝင်ဘာလ (၁၃) ရက်နေ့မှာ အမ်းမြို့ရှိ လက်ကျန်စခန်း တွေကို ထိုးစစ်ဆင်နေကြောင်းထုတ်ပြန်အပြီး ၁၈ရက်အတွင်း နပခကလွဲလို့ ကျန်စခန်းများအားလုံးကို AA က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
AAဟာ စစ်ကောင်စီရဲ့ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေတဲ့စခန်းငယ်များအပြင် အဆိုပါစခန်းများမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ၁၈ရက်အတွင်းချေမှုန်းတိုက်ခိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းဖို့ ကြိုးစားခဲ့ပေမယ့် အာရက္ခတပ်တော်မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့တာကြောင့် စစ်တပ်ရဲ့ စစ်ကူ စစ်ကြောင်းတွေဟာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေမှုန်းခံရတဲ့ အဆင့်သို့ရောက်ရှိခဲ့ရတယ်လို့ သိရပါတယ်။
အမ်းမြို့သို့ စစ်ကူပေးရန်တက်လာတဲ့ တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကို နိုဝင်ဘာလ (၂၈) ရက်၊ မနက် (၈) နာရီ (၃၅) မိနစ်မှာ အမ်းမြို့ မြောက်ဘက်၊ ရိုးတောင်ရဲ့ လမ်းမထက် တစ်နေရာမှာ အာရက္ခတပ်တော်က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါစစ်ကြောင်းမှာ ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စတဲ့ တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်တယ်လို့ သိရပါတယ်။အဆိုပါစစ်ကြောင်းကို သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်မှာ စစ်သား အလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့တဲ့အပြင် ထွက်ပြေးလွတ်မြောက် နေသူအချို့ကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။အလားတူ ဂွ ဘက်မှာလည်း စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်းတစ်ခုကို နိုဝင်ဘာလ (၂၄) ရက်က စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နဲ့ သံခဲချိုင်ကျေးရွာနဲ့ ကင်းပုံကျေးရွာအကြား စတဲ့နေရာတွေမှာ သုံးရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။အဲံဒီစစ်ကြောင်းကနေ သိမ်းဆည်းရမိတဲ့ စစ်သား အလောင်း (၁၂၀) ကျော်၊ စစ်သုံ့ပန်းအချို့ နဲ့ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများအရ အဲ့ဒီစစ်ကြောင်းမှာ အင်အား (၁၈၄) ယောက် ပါဝင်ခဲ့ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ ဖြစ်ကြပြီး တပ်ရင်း (၅) ရင်းစုပေါင်းထားတဲ့ စစ်ကြောင်းတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသူတွေကိုလိုက်လံ ရှင်းလင်းတိုက်ခိုက်နေသလို ဂွမြို့ရှိ စစ်ကောင်စီတပ်သားတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုအသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေသည့်ကြားမှ အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၆ရက်နေ့အထိ အမ်း၊ တောင်ကုတ်၊ ဂွ နဲ့ မောင်တောမြို့များရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းများကို အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတာ ကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း AA ရဲံ့ ထိုးစစ်ကို လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောများပေါ်မှ ပစ်ကူအမြောက်အမြားပေးကာ တောက်လျှောက်ခုခံကာကွယ်နေတဲ့ကြားက လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်များကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ အာရက္ခစစ်သည်တော်များ၊ ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။ပုံစာ-အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်း နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အမ်း၊ ရုံးဌာနများရှေ့တွင် တွေ့ရသော အာရက္ခစစ်သည်တော်များ
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ