မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ စစ်တပ်ကင်းစခန်းတွေကို တပြိုင်နက် စီးနင်းတိုက်ခိုက်မှုအတွင်း စစ်သား ၁၀ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ တော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )က သတင်းထုတ်ပြန်ပါတယ်။မနေ့က နိုဝင်ဘာ (၅)ရက်မနက် ၁၁ နာရီခွဲခန့်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် (၁၁)တို့ရှိ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းနှစ်ခုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)နဲ့ မင်းဘူးခရိုင်အမှတ် (၂)တပ်ရင်း တို့ပူးပေါင်းပြီး တစ်ပြိုင်နက်တည်း စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကိုလည်း နတ်ရေကန် လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က စစ်ကူများရောက်ရှိလာကာ နှစ်ဖက်ညှပ်ပစ်ခတ်လာခြင်း၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်လာခြင်းတို့ကြောင့် အပြီးသတ်ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခဲ့ဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
အမ်း-ပဒါန်း လမ်းပိုင်းဟာ ရခိုင်ပြည်နယ် အမ်းမြို့နဲ့ မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ လမ်းပိုင်းဖြစ်ပြီး အမ်းမြို့နယ်မှာတော့ အာရက္ခတပ်တော် AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ စစ်ကောင်စီက အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး စစ်ကူတွေပို့ဆောင်ခဲ့မှုကိုလည်း PDF တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။လက်ရှိမှာ အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၇၃ ဆေးတပ်၊ အမှတ် (၂) တပ်မ တော်ဆေးရုံ၊ စရဖတပ်တို့နဲ့ လေကြောင်း ကာကွယ်ရေးတပ်တို့ကို AA က သိမ်းပိုက်ထားနိုင်ပြီလို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ရက်နေ့ကလည်း ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅က ထွက်လာတဲ့ စစ်ကား ၂စီးကို အမ်း-ပဒါန်းလမ်းပိုင်းမှာ PDF တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကပစ ၁၄မှ ဗိုလ်ကြီး မျိုးကျော်သူ အပါအဝင် စစ်သား ၁၅ဦးသေဆုံးခဲ့ပါတယ်။အမ်း-ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေး နဲ့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသထိန်းချုပ်စိုးမိုးနိုင်ရေးဟာ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး ဒေသအသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှုနှင့်အတူ တညီတညွတ်တည်း စုပေါင်းအကောင်အထည်ဖော်သွားမယ်လို့ တော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )က ထုတ်ပြန်ထားပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ