Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

စစ်ကောင်စီရဲ့ခေါပုတ်စခန်း သိမ်းခံလိုက်ရပြီးနောက်မှာ တိုက်ပွဲအချို့ ရှိနေဆဲ

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို KNLA နှင့်အတူ BPLA , Force for Federal Democracy (FFD) ဒရုန်းတပ်ဖွဲ့စတဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၉ က သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်ထွက်ပြေးတဲ့ မင်းအောင်လှိုင်တပ်သားတွေကို လိုက်လံရှင်းလင်းရာမှ နိုဝင်ဘာလ ၃ ရက်နေ့မှာ တဖန်တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ အခုလိုလိုက်လံရှင်းလင်းရာမှာတော့ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၃ဦးအပါအဝင် ၁၇ ဦးကို အရှင်ဖမ်းမိကြောင်း သိရပါတယ်။ ၁၄ ဦးထိ သေဆုံးခဲ့ပါတယ်။ BPLA ဘက်မှလည်းရဲဘော်တဦးကျဆုံးခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ခေါပုတ်စခန်းနယ်မြေတဝိုက်မှာ တိုက်ပွဲတွေ ဆက်ရှိနေသေးကြောင်း သိရပြီး စစ်သတင်းလုံခြုံရေးအရ ထုတ်ပြောလို့မရကြောင်း BPLA မှ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။ တိုက်ပွဲအပြီးသတ်အောင်မြင်ပြီးနောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီ၏ 60mm ၁၁ လက်၊ RPG-7 ၃ လက်၊ 81mm ၁ လက်၊ K-3 ၉ လက်၊ မြေမြှုပ်ဗုံးတစ်လုံး၊ တိုပီတို ၁၉ ထုပ်၊ 16-နင်းမိုင်း ၁၆ လုံး၊ 14-နင်းမိုင်း ၁၀ လုံး၊ တိုက်ဗုံး ၉ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၂ လုံး၊ 60mmကျည် ၁၃ တောင့်နှင့် RPG-7ကျည်ဖူး၅ တောင့် အသီးသီးသိမ်းဆည်းရမိကြောင်း KNU မူတြော်က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း စစ်ကောင်စီလက်အောက်ခံ PNO တပ်တွေဟာ တော်လှန်ရေးတပ်တွေက ဒရုန်းဗုံးချတာကိုခံရပြီး ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့က ညောင်ရွှေမြို့နယ် လွယ်လုံကျေးရွာမှာ ပြည်သူများရဲ့ ပြောင်းစိုက်ခင်းထဲရှိနေတဲ့ PNO တပ်တွေ ခုလိုတိုက်ခိုက်ခံရတာပါ။ စစ်ကောင်စီတပ်လက်အောက်ခံ PNO အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူအပါ အဝင် ငါးဦး သေဆုံးသွားပါတယ်။ သေဆုံးသွားသူတွေဟာ ပီအန်အို ဗိုလ်ကြီး ခွန်သိန်းဇော်၊ ခွန်မောင်ရွေး၊ ခွန်ရဲအောင် နှင့် အခြားရဲဘော်နှစ်ဦးတို့ ဖြစ်ကြပါတယ်။စစ်ရှောင်ပြည်သူများရဲ့ စပါးခင်း ပြောင်းခင်းများဟာ ရိတ်သိမ်းနိုင်ခြင်းမရှိဘဲ PNO နှင့် လက်အောက်ခံတပ်တွေက ရိတ်ခြွေစက်တွေသုံးပြီး ပင်လောင်းအတိုင်း သယ်ယူဖို့ကြိုးစားနေရင်း တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ပင်လောင်းနှင့်ဖယ်ခုံကို စိုးမိုးဖို့ စစ်ကောင်စီနဲ့ ပီအန်အိုတပ်တို့ အင်အား ၅၀၀ နဲ့ စစ်ကြောင်းထိုးလာလို့ ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ရပါတယ်။ စစ်ကောင်စီနှင့်အတူ ပီအန်အိုတပ်တွေဟာ ဒေသတွင်းက ကျေးရွာများကိုလည်း အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော်ကလည်း အဲဒီ လွယ်လုံနားက ရွာတစ်ရွာကို စကစနဲ့ PNO တွေက သစ္စာဖောက်ရွာလို့ စွပ်စွဲပြီး မီးရှို့ဖျက်ဆီးသွား တယ်၊ ရွာနာမည်က သောင်းစိန်ရွာပါ၊ အိမ်ခြေ ၂၀ ကျော်ရှိတဲ့ လီဆူတိုင်းရင်းသားရွာလေးပါလို့ ဒေသခံတဦးက ပြောပြပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ PNO တပ်များရဲ့ အကူအညီနဲ့ စစ်ကောင်စီက အင်အားစိုမိုးဖို့ကြိုးစားနေပြီး တော်လှန်ရေးတပ်များနဲ့ မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေကာ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့ကြောင်း အန်ယူဂျီကာကွယ်ရေးဝန်ကြီး တောင်ပိုင်းစစ်ဒေသက နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲက ဆင်ရိုးခင်ကျေးရွာမှာ တပ်စွဲထားသော အကြမ်းဖက်တပ်ကို တော်လှန်ရေးတပ်များက နိုဝင်ဘာလ ၁ ရက်နေ့က သွားရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။G3 ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံးကျည် (၂၉) တောင့် နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရမိခဲ့ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာပဲ ရွာကြီးအင်းရွာတိုက်ပွဲမှာ စစ်ကောင်စီ ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရအောင် တိုက်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါသေးတယ်။ အထိနာနေတဲ့ စစ်ကောင်စီတပ်က ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်လို့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရမှုရှိပေမယ့် မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရပါတယ်။ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၉ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါသည်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ် ဦးစီးမှူးနေအိမ်ကို တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၂ ရက်နေ့မှာ ဒရုန်းဗုံးကြဲတိုက်ခိုက်ရာ စလင်းမြို့နယ်ရဲမှူးအပါအဝင် ၄ ဦးသေဆုံးတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ဦးစီးမှူးနေအိမ်တွင် စစ်ကောင်စီအဖွဲ့တွေ စုဝေးနေစဉ် တိုက်ခိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗုံးသီး ၂ လုံးသည် ဦးစီးမှုးနေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စလင်းမြို့နယ်ရဲမှူး အပါအဝင်၄ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းကဆိုပါတယ်။ ထိခိုက် ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သား ၃ ဦးအနက် ၁ ဦးကို မကွေးဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီး ကျန် ၂ ဦးကို စလင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း တော်လှန်ရေးတပ်က ဆိုပါတယ်။ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း နှင့် စလင်းမြို့နယ် ပကဖ မဟာမိတ်များပူးပေါင်းမစ်ရှင် ဖြစ်ပါသည်။

You may have missed