မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ပျူစောထီးနဲ့ စစ်တပ်က ဖမ်းဆီးထားတဲ့ သံဃာတော် တစ်ပါးနဲ့ ပြည်သူ ၂ဦးဖြစ်တဲ့ ဒေါ်သီတာထွေးနဲ့ ကို ငချမ်းတို့ကို ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။အောက်တိုဘာ ၃၁ရက်နေ့မှာ ဒီဒုတ်ကွင်း ပျူစောထီးကျေးရွာမှ ပျူစောထီးနဲ့ စစ်တပ်ပူးပေါင်းထားတဲ့ အင်အား ၅၀ပါစစ်ကြောင်းကဖမ်းဆီးခေါ်ဆောင်ထားတဲ့ သံဃာတော် ၁ပါးနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ရှေ့တန်းတင်ကာ ဒီးဒုတ်ကွင်းကျေးရွာတောင်ဘက်သို့ ထွက်ခွာလာပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ သံဃာတော် ၁ပါးကို လူဝတ်လဲကာ သတ်ဖြတ်ထားပြီး ဒေါ်သီတာထွေးနဲ့ ကိုငချမ်းကို အဝတ်ဗလာနဲ့ သေဆုံးလျက်တွေ့ရှိရတယ်လို့ ဆိုပါတယ်။ဖမ်းဆီးခံထားရတဲ့ ပြည်သူများဟာ ဒီးဒုတ်ကွင်းပျူစောထီးကျေးရွာအတွင်း လက်ပြန်ကြိုးတုပ်ကာ မနက်ပိုင်းကနေ ညနေအထိ တနေကုန် နေရှိရာသို့ မျက်နှာမူခိုင်းထားပြီး ညှင်းပန်းနှိပ်စက်လျက်ရှိတယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁ရက်နေ့ည ၁၁နာရီ ၄၆မိနစ်အချိန် ပေါက်မြို့နယ် ဒီးဒုတ်ကွင်းကွာ စစ်တပ်အထိုင်စခန်း ဘုန်းကြီးကျောင်း မပည ကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၅ ပူးပေါင်းအင်အား ၁၄ဦးက ဒရုန်းနဲ့ လက်လုပ် ၆၀မမ ၆လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကို စီစစ်ဆဲဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ရက်နေ့ ညနေ ၅နာရီ ၅၀မိနစ်ကနေ ၇နာရီ ၅၀မိနစ်ထိ ပေါက်မြို့နယ် ကုက္ကိုလ်စု ပျူစောထီးရွာ သို့ မိတ္ထီလာ ရှမ်းတဲလေတပ်မှ Y 8 စစ်ထောက်ပို့ယာဉ်ဖြင့် ၁ကြိမ်လျှင် ၇ထုပ်နှုန်းနဲ့ ၁၁ကြိမ်ခန့် ရိက္ခာ၊ လက်နက်ခဲယမ်းများ ချပေးသွားတယ်လို့ သိရပါတယ်။အဲ့ဒီနေ့ ည ၈နာရီမှာလည်း ပေါက်မြို့နယ် သစ်ချိုကုန်း ပျူစောထီးကင်းနဲ့ ပေါက်ပကဖတို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှု စီစစ်ဆဲဖြစ်ပြီး ည၈နာရီအချိန် ရွှေပေါက်ရပ်ကွက် ကနေ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ပေါက်မြို့နယ်ဟာ ဦးဝါသဝဦးဆောင်တဲ့ ပြည်သူ့စစ်များကြီးစိုးရာဒေသဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ရက်ကလည်း ပြည်သူတွေကို ဖမ်းခေါ်သွားတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့ကာ လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးအဖွဲ့က ရရှိခဲ့ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ